Eleven Media Group

■ ပေါင်မြိုနယ် ပေါင် - သဲဖြူကုန်း ရထားလမ်းပိုင်းတွင် ရထားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး DEMU ရထားကြိတ်ခံရပြီး သေဆုံး

ပေါင်မြိုနယ် ပေါင် - သဲဖြူကုန်း ရထားလမ်းပိုင်းတွင် ရထားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး DEMU ရထားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာ ၆ ရက်၊ နံနက် ၁၀ နာရီ ၁၃ မိနစ်အချိန်က ပေါင်ဘူတာမှ မော်လမြိုင်ဘူတာသို့ ထွက်ခွာလာသည့် အမှတ် (၈၃) အဆန် DEMU ရန်ကုန် - မော်လမြိုင် ရထားမှာ ရထားမိုင်တိုင်အမှတ် (၁၆၂/၁၁) နှင့် (၁၆၂/၁၂) ကြား သံလမ်းပေါ်တွင် အိပ်စက်နေသူ အမျိုးသားတစ်ဦးအား ကြိတ်မိခဲ့ခြင်းဖြစ်သည်။

"DEMU ရထား အကြိတ်ခံရပြီး သေဆုံးခဲ့သူက ကျွဲခြံကျေးရွာ၊ သံချကုန်းရပ်နေ အသက် (၃၂) နှစ်အရွယ် ဇေယျာလင်း ဆိုသူလို့ သိရပါတယ်" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

DEMU ရထားကြိတ်ခံရသူ ဇေယျာလင်းမှာ ဘယ်ဘက်လက်ပြတ်၍ ဦးခေါင်းကြေမွဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်းနှင့် ရုပ်အလောင်းအား ဘစိုး လူမှုကူညီကယ်ဆယ်‌ရေးအသင်းက ပေါင်မြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့‌ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမှတ် (၈၃) အဆန် DEMU ရန်ကုန် - မော်လမြိုင် ရထားမှာ သတ်မှတ်ချိန်ထက် မိနစ် ၄၀ ခန့် ရထားချိန်ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန် - မော်လမြိုင် ရထားလမ်း မွန်ပြည်နယ်အတွင်းရှိ ရထားလမ်းပိုင်းဖြစ်သည့် သိမ်ဇရပ်ဘူတာမှ ‌မော်လမြိုင်ဘူတာအထိ ရထားလမ်းကူး ၁၅၇ နေရာရှိသော်လည်း တရားဝင် ရထားလမ်းကူးမှာ ၁၆ ခုသာရှိကြောင်းနှင့် ပေါင်မြို့နယ်အတွင်း တရားမဝင် ရထားလမ်းကူးအများအပြား တည်ရှိနေပြီး နှစ်စဉ် ရထားတိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

Photo Credit - ဘစိုး လူမှုကူညီကယ်ဆယ်ရေးအသင်း

မူရင်းသတင်း — Eleven Media Group