
မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းပေါ်တွင် တစ်ညတည်း ယာဉ်တိုက်မှုနှစ်ခု ဖြစ်ပွားရာ သုံးဦးသေဆုံးခဲ့ကြောင်း အဆိုပါဖြစ်စဉ်များကို သွားရောက်ကူညီခဲ့သည့် ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီ ၆ ရက် ညပိုင်းတွင် မြောက် ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းပေါ်တွင် ၄၆ လမ်းဆုံမှ မြောက်ဥက္ကလာဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးမှ လမ်းတစ်လျှောက်တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း အဆိုပါဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် ဝန်းရံမှူးလူမှုကူညီရေးအသင်းထံမှ သိရသည်။
“စုစုပေါင်း လူနာလေးယောက်ထွက်တာ။ တစ်ယောက်က အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်တယောက်က ဆေးရုံအရောက်မှာ ဆုံးတယ်။ ကျန်တဲ့ နှစ်ယောက်က ဒဏ်ရာရတယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် တိုက်ခဲ့သည့် မော်တော်ယာဉ်မှာ ထွက်ပြေးသွားခဲ့သော်လည်း ယာဉ်နံပါတ်ပြားမှာ ကျန်ရှိခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ်မှာ EV အမျိုးအစား မော်တော်ယာဉ်ဖြစ်ကြောင်း သိရသည်။
လမ်းတလျှောက်ယာဉ်တိုက်မှုများဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်မှာ ၁၈ မိုင်တောရ သာသနာပြုအဖွဲ့မှ မော်တော်ယာဉ်ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍လူနာရှင်များနှင့် တွေ့ ဆုံပြီး မော်တော်ယာဉ်မောင်းနှင်သူ ကပ္ပိယအမျိုးသားကို ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်ဟု ၁၈ မိုင်တောရသာသနာပြုအဖွဲ့က ထုတ်ပြန်ထားသည်။
“မနက်အစောကြီး (၇) နာရီလောက်ကတည်းက အမှုဖြစ်ရာ မြို့နယ်ရဲစခန်းသို့ သွားရောက် အကြောင်းကြားထားပြီးဖြစ်သည်။ လူနာရှင်များနှင့်လည်း ထိုရဲစခန်း၌ တွေ့ပြီးပါပြီ။ ထပ်မံ၍ ဆေးရုံသို့ သွားရောက်ကာ လိုအပ်သည်များကို စီစဉ်နေကြပါသည်။ အမှုဖြစ်သည့် ကားနှင့် ယာဉ်မောင်းကပ္ပိယကိုလည်း သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင် အပ်နှံထားပြီးပါပြီ။ ကျန်သည့်ကိစ္စများကို ရဲစခန်းနှင့် ဆက်သွယ်ကာ ဆက်လက်ဆောင်ရွက်နေပါသည်” ဟု ၁၈ မိုင်တောရသာသနာပြုအဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၆ ရက် ညပိုင်းမှာပင် ဗိုလ်မှူးဗထူးလမ်းရှိ ဗထူးစျေးမီးပွိုင့်တွင်လည်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်ပြန်ပြီဆိုလို့သွားတာ ကားလမ်းမပေါ် ကားတစ်စီးရပ်ထားတာပဲ တွေ့လို့ လူနာမရှိဘူးအောက်မေ့တာ လူတစ်ယောက်လုံး ကားအောက်ရောက်နေတာ။ ဒီလိုနဲ့ နီးစပ်ရာလူတွေနဲ့ ကားကိုမပြီး ကားအောက်ကလူကိုဆွဲထုတ်တော့ အသက်ငွေ့ငွေ့ကျန်သေးတယ်။ဆေးရုံအမှီပို့ပါသော်လည်း လမ်းတွင်ပင် ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပါတယ်” ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သူအမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း အဆိုပါအသင်းမှ သိရသည်။
“အခုထိ သူကဘယ်သူလဲဆိုတာမသိရသေးဘူး။ သူပြောတာတော့ ပြောသွားပေမယ့် လိပ်စာကို သေချာမသိခဲ့ရတော့ အကြောင်းကြားဖို့ အခက်တွေ့နေတယ်။ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သိရအောင်လည်း လိုင်းပေါ်တင်ထားပါတယ်” ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသားနှင့် ပတ်သက်ပြီး ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားရာ၌ “မသေခင် ၅ ရပ်ကွက်၊ မာလာမြိုင်လမ်း ၊ ၄၉၄၊ မြောက်ဒဂုံ၊ အောင်မျိုးဦး၊ ၆၅ နှစ် စသည်တို့သာ ပြောပြသွားနိင်ရှာပါသည်။ ကျွန်တော်ကြိုးစားပြီး လိုက်လံဆက်သွယ်ပါသော်လည်း လူနာမှာ သေအံ့ဆဲဆဲ ဘာမှမေးလို့မရခြင်း၊ သူပြောသောလိပ်စာများ မှာလည်း မပြည့်စုံခြင်းတို့ကြောင့် မိသားစုအား ဆက်သွယ်လို့မရဖြစ်နေပါသည်” ဟု အသိပေးထားသည်။
အဆိုပါဖြစ်စဉ်များမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ၏ ရုပ်အလောင်းများကို ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်များဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။