Eleven Media Group

စပါးအသင်းရပ်ဝန်းက ငွေကြေးနဲ့ ချန်ပီယံအောင်ပွဲ လွန်ဆွဲပွဲ

Photos: X

စပါးအသင်းပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကြွေးကြော်သံရှိပါတယ်။ ''လီဗီကို ငါတို့ ဂရုမစိုက်၊ ငါတို့ကိုလည်း လီဗီက ဂရုမစိုက်၊ ငါတို့ ဂရုစိုက်တာ ကူလူဆက်ဗ်စကီး'' ဆိုတာပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကစားတဲ့ လက်စတာအသင်း နဲ့ပွဲမှာလည်း စပါးအသင်းပရိသတ်တွေက ဆိုင်းဘုတ်များစွာ ကိုင်ဆောင်ပြီး အသင်းဥက္ကဋ္ဌ လီဗီကို ဆန္ဒပြခဲ့တယ်။ ''ငါတို့ကစားပွဲက ချန်ပီယံအောင်ပွဲ၊ လီဗီကစားပွဲက မတော်လောဘ'' ၊ ''(၂၄)နှစ်၊ နည်းပြ (၁၆)ယောက်နဲ့ ဆုဖလား (၁)လုံး၊ ပြောင်းလဲချိန်တန်ပြီ'' လို့ အဓိပ္ပာယ်ရမယ့် ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး စပါးပရိသတ်ဟာ လီဗီဆန့်ကျင်ရေးအသံ ထုတ်လွှင့်နေခဲ့တာပါ။
မတူကွဲပြားခြားနားတဲ့ ဒဏ်ရာပြဿနာ (၃၀)နီးပါးဟာ စပါးနည်းပြ ပိုစတီကိုဂလူးကို အဆိုးနွံထဲ ထပ်ပြီးတွန်းပို့ခဲ့၊ ဖိအားတွေအောက် တွန်းပို့ခဲ့၊ စပါးဟာ သူတို့နဲ့ မလျော်ညီတဲ့ အဆင့်နေရာ ရောက်နေပြီ။ ပြည်တွင်းဖလားနှစ်ခုစလုံးကလည်း ထွက်လိုက်ရပါပြီ။ ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရချိန်မှာ စပါးပရိသတ်တွေ ဒေါသအထွက်ဆုံး လူ ားဟာ နည်းပြ ပိုစတီကိုဂလူးမဟုတ်ပါဘူး။ အသင်းဥက္ကဋ္ဌ လီဗီကိုပါ။ ''Levy Out'' ဆိုတဲ့ အော်သံတွေကလွဲဲပြီး စပါးပရိသတ်တွေ ဘာကိုမှ မရွေးချယ်ခဲ့ပါဘူး။

1.png


စပါးအသင်းအတွင်းစည်းက လူတချို့က ပရိသတ်တွေရဲ့ လီဗီဆန့်ကျင်ရေးအသံကြောင့် စိတ်မကောင်းဖြစ်နေတယ်။ လီဗီကိုယ်တိုင်လည်း ဝမ်းနည်းနေတယ်လို့ BBC ကို သတင်းပေးပါတယ်။ လီဗီက ရှေ့မျက်နှာနောက်ထားပြီး စပါးပရိသတ်တွေရဲ့ ဆန့်ကျင်ရေးအသံကို ဂရုမစိုက်ဘဲ ပွဲတိုင်းနီးပါး ကွင်းထဲလာကြည့်နေတာပါ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ စပါးအသင်းအပေါ် တကယ်စေတနာရှိရဲ့လားဆိုတာ မသေချာဘူး။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ စပါးပရိသတ်တွေက ထိပ်တန်းကစားသမားအသစ်တစ်ဦး မျှော်ခဲ့ကြတယ်။ လီဗီလက်အောက်ခံ ဘုတ်အဖွဲ့က ထိပ်တန်းကစားသမားအသစ် ခေါ်ယူရေးထက် ယူ-၂၁ ကစားသမားတချို့ကို စျေးကောင်းရအောင်ရောင်းထုတ်ဖို့ အာရုံပိုစိုက်နေခဲ့တာပါ။ စျေးကွက်ထဲမှာ လီဗီရဲ့ လှုပ်ရှားပုံက နှေးကွေးလွန်းပြီး ချန်ပီယံအောင်ပွဲထက် စီးပွားရေးအကျိုးအမြတ်ကို ပိုပြီးအလေးထားနေခဲ့တယ်။
မန်ယူနိုက်တက်နဲ့ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးပရိသတ်တွေက Sitdown Protest (ထိုင်သပိတ်) လုပ်ပါတယ်။ Tottenham Hotspur Supporters' Trust(THST) ပရိသတ်အဖွဲ့က တောင်းဆိုချက်ငါးခုပါ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ငါးခုက ချန်ပီယံအောင်ပွဲရရှိရေး၊ ကြယ်ပွင့်ကစားသမားတွေ ထိန်းသိမ်းခေါ်ယူရေး၊ လူငယ်အကယ်ဒမီဖွံ့ဖြိုးတိုးတက်ရေး၊ သိက္ခာရှိတဲ့ခေါင်းဆောင်တစ်ဦး ထွက်ပေါ်ရေး၊ ဘဏ္ဍာရေးဟန်ချက်တည်ငြိမ်ရေး စတာတွေပါပဲ။ စပါးပရိသတ်တွေက ဆန္ဒပြပွဲကြောင့် လီဗီနာကျင်ရတယ်ဆိုရင် စပါးအသင်းကောင်းစားရေးအတွက် ရာထူးကနေ နုတ်ထွက်သင့်တယ်ဆိုပြီး ယူဆနေပါတယ်။ စပါးအသင်းမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ပိုင်ရှင်အသစ်တွေရှိရင် လမ်းဖွင့်ပေးရမယ်လို့လည်း တောင်းဆိုခဲ့ပါတယ်။ အပြောင်းအရွှေ့စျေးကွက်မှာ ငွေများများသုံးပြီး ချန်ပီယံယဉ်ကျေးမှုနဲ့ နီးစပ်စေချင်နေပါတယ်။

4.png

ပရီးမီးယားလိဂ်ရဲ့ ငွေကြေးအကျိုးအမြတ်အများဆုံးရတဲ့အသင်း

စပါးအသင်းက ပရီးမီးယားလိဂ်မှာ ငွေကြေးအကျိုးအမြတ် အများဆုံးရနေတဲ့အသင်းပါ။ စပါးအသင်းရဲ့ ကွင်းသစ်ဝင်ငွေ၊ လစာငွေသတ်မှတ်ချက်နိမ့်ပါးမှု၊ အပြောင်းအရွှေ့အသုံးစရိတ်ကန့် သတ်ချက်တွေက ဝင်ငွေတိုးပြီးရင်းတိုးစေတာပါပဲ။
စပါးအသင်းက ပရိသတ်တွေအတွက် ငွေခြူစက် ဖြစ်နေပေမယ့် လီဗီအတွက် သိပ်ပြီးကောင်းမွန်တဲ့ ငွေထုတ်စက်ပါ။ စပါးအသင်းက ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကစားသမားလစာအသုံးစရိတ် ပေါင် (၁.၆) ဘီလီယံ၊ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် (၁.၃) ဘီလီယံ ရှိခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေထဲ အဆင့် (၆)နေရာ ရပ်တည်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာစပါးအသင်းက အမြတ်ငွေအများဆုံးပရီးမီးယားလိဂ်အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာ စပါးအသင်းပရိသတ်တွေက အိမ်ကွင်း တစ်ရာသီစာလက်မှတ်အတွက် တန်ဖိုးအများဆုံးပေးနေရတယ်။
ပွဲတစ်ပွဲချင်းစီအလိုက် လက်မှတ်ခကလည်း မတန်မဆပေးနေရတာပါ။ လီဗီက ပရီးမီးယားလိဂ်အသင်းတွေရဲ့ အမှုဆောင်ချုပ်တွေထဲ လစာအများဆုံးဖြစ်ပြီး တစ်နှစ် ပေါင် (၆.၆) သန်း ရပါတယ်။
၂၀၁၆-၁၇ ရာသီကနေ ၂၀၂၄-၁၅ ရာသီအတွင်းမှာ ပရီးမီးယားလိဂ် Big Six အသင်းတွေထဲ အသားတင်အသုံးစရိတ်အများဆုံးအသင်းအဖြစ် မန်ယူနိုက်တက်က ပေါင်သန်းတစ်ထောင်ကျော်နဲ့ ထိပ်ဆုံးနေရာရပ်တည်ခဲ့ပါတယ်။ အဲဒီနောက် ချယ်လ်ဆီး (ပေါင် ၉၂၁ သန်း)၊ အာဆင်နယ်က (ပေါင် ၇၂၅.၄ သန်း)၊ မန်စီးတီးက (ပေါင် ၇၀၈ သန်း)တို့ ရှိနေပြီး စပါးအသင်းက (ပေါင် ၅၅၁.၈ )သန်းနဲ့ အဆင့် (၅)နေရာ ရပ်တည်နေတာပါ။ စပါးက Wages to Revenue (ဝင်ငွေနဲ့ လစာအချိုး) အနိမ့်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဥရောပဘောလုံးလောကရဲ့ ဝင်ငွေအကောင်းဆုံး ရီးယဲလ်က တစ်နှစ်ဝင်ငွေ ပေါင်သန်းတစ်ထောင်ကျော်ရပြီး အဲဒီထဲက (၄၈)ရာခိုင်နှုန်းက လစာပေးချေနေရတယ်။ စပါးအသင်းက ကွင်းဝင်ကြေးဝင်ငွေ ပေါင် (၁၂၃)သန်း၊ စီးပွားရေးဝင်ငွေ ပေါင် (၂၉၇) သန်း၊ ရုပ်သံဝင်ငွေ ပေါင် (၁၉၅) သန်း၊ စုစုပေါင်း ပေါင် (၆၁၅)သန်း ရနေပြီး အဲဒီထဲက (၄၂)ရာခိုင်နှုန်းကို လစာပြန်ပေးရပါတယ်။ မန်စီးတီး၊ PSG၊ မန်ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အာဆင်နယ်၊ လီဗာပူးလ်တို့က စပါးအသင်းထက် ဝင်ငွေပိုများပေမဲ့လစာပေးချေရတာ ပျမ်းမျှ (၅၇) ရာခိုင်နှုန်းကနေ (၈၃)ရာခိုင်နှုန်းအထိရှိနေတာပါ။

skysports-tottenham-protest_5382358.jpg

စပါးအသင်းရဲ့ တန်ဖိုးနဲ့ လီဗီရဲ့အနာဂတ်

လီဗီက အရှက်အကြောက်ကြီး၊ တိတ်ဆိတ်ပြီး အလုပ်ကြိုးစားတဲ့သူပါ။ သူ့နဲ့ သူ့ရဲ့ဘုတ်အဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ စီးပွားရေးအမြင်ထူးချွန်ထက်မြက်ပေမယ့် ကွင်းအတွင်းအောင်မြင်မှုရအောင် မကြံစည်တတ်သူတွေဆိုပြီး တံဆိပ်ကပ် ခံထားရတယ်။ အသင့်သုံးထိပ်တန်းကစားသမားတွေ ခေါ်ယူဖို့ထက် လူငယ်ကြယ်ပွင့်တွေ ခေါ်ယူပြီး တန်ဖိုးမြင့်အောင် ပြုစုပျိုးထောင်ပေးချင်တတ်တယ်။ လီဗီက ကာတာစော်ဘွားတွေနဲ့လည်း ဆက်ဆံရေးကောင်းရှိသူပါ။ သူ့လက်ထက်မှာ စပါးအသင်းရဲ့ တန်ဖိုးက ပေါင် (၃.၅) ဘီလီယံကနေ ပေါင် (၄) ဘီလီယံကြားအထိ မြင့်တက်လာပါပြီ။
အဲဒီအရာတွေဟာ ဆုဖလားတွေထက် လီဗီ ပိုပြီးတန်ဖိုးထားတဲ့ အရာပါပဲ။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပြုလုပ်တဲ့ Fan Forum မှာ လီဗီက ''စပါးအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေဟာ ခိုင်မာပြီးရင်းခိုင်မာအောင် လုပ်နေရလို့ ဘယ်သူ့ကိုမှ မတောင်းပန်နိုင်ပါဘူး။ ကျွန်တော်တို့အသင်းက ပိုပြီး ရင်းနှီးမြှုပ်နှံလာနိုင်ပါပြီ။ ဒီတော့ အကြောင်းအရာတိုင်းအတွက် ကျွန်တော် လိုက်တောင်းပန်နေစရာ မလိုပါဘူး။ ကျွန်တော်တို့အသင်းက စိတ်လှုပ်ရှားစရာ စီမံကိန်းတွေနဲ့ လည်ပတ်နေပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်သွားဦးမှာပါ'' ဆိုပြီး ပြောဖူးတယ်။ လီဗီရဲ့ ဆိုလိုရင်းက ဆုဖလားအောင်ပွဲတွေမရတာ ဂရုမစိုက်ဘဲ ဘဏ္ဍာရေးအင်အား ပိုသန်မာအောင် အလေးထားနေတာပါ။
၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အောင်မြင်မှုထက် ဘဏ္ဍာရေးခိုင်မာရေးကို ဦးစားပေးခဲ့တဲ့ အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီ၊ လက်ရှိအချိန်မှာ အောင်မြင်မှုထက် ဘဏ္ဍာရေးဟန်ချက် ပိုတည်ငြိမ်အောင် ဦးစားပေးနေတဲ့ မန်ယူအသင်း ရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်တို့လို မူဝါဒကို လီဗီကျင့်သုံးနေတာပါပဲ။ အဲဒီလိုအသင်းဦးဆောင်သူတွေက ''Vocal Minority'' လူနည်းစုရဲ့အသံကို ဂရုမစိုက်ဘဲ ရက်စက်တဲ့ဆုံးဖြတ်ချက် ချတတ်ပါတယ်။ သူတို့ပြောလေ့ရှိတာက ''အောင်ပွဲတွေအတွက် ဖော်မြူလာ မရှိသေးဘူး။ ဒါပေမဲ့ ရှိလာမှာပါ'' ဆိုတာပါပဲ။

မူရင်းသတင်း — Eleven Media Group