Eleven Media Group

မိမိရာထူးထက် အမှတ်ပေးဇယားရပ်တည်မှုကိုသာ စိုးရိမ်ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် ဝန်ခံ

Photo: Fabrizio

မန်ယူအသင်းနည်းပြ အာမိုရင်မ်က စပါးအသင်းအား ရှုံးနိမ့်ပြီးနောက် မိမိရာထူးထက် အမှတ်ပေးဇယားရပ်တည်မှုကိုသာ စိုးရိမ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဖေဖော်ဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းအား အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မှတ်တမ်းဆိုးများ ပိုင်ဆိုင်ခဲ့ရသည်။
ယခုရာသီ ပွဲစဉ် ၂၅ အပြီးတွင် ရှစ်ပွဲသာ အနိုင်ရကာ ငါးပွဲသရေ၊ ၁၂ ပွဲရှုံးနိမ့်ထားပြီး တန်းဆင်းခဲ့ရသည့် ၁၉၇၃ -၁၉၇၄ ရာသီတွင် ၂၅ ပွဲကစား၊ ၁၃ ပွဲရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
မန်ယူအသင်းအနေဖြင့် နောက်ဆုံးကစားထားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲတွင် သုံးပွဲသာ အနိုင်ရကာ တစ်ပွဲသရေ၊ ရှစ်ပွဲအထိ ရှုံးနိမ့်ထားပြီး ယင်းကာလအတွင်း ၎င်းတို့ထက် ရှုံးပွဲပိုများသည့်အသင်းမှာ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှ လက်စတာ (ကိုးပွဲ) နှင့် အဆင့် ၂၀ နေရာမှ ဆောက်သမ်တန် (၁၀ ပွဲ) တို့သာ ကျန်ရှိတော့သည်။
ထို့ပြင် ၂၅ ပွဲကစားပြီးနောက် ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၁၅ နေရာ ရပ်တည်နေခြင်းမှာလည်း တန်းဆင်းခဲ့ရသည့် ၁၉၇၃-၁၉၇၄ ရာသီနောက်ပိုင်း အဆိုးဆုံးရပ်တည်မှုဖြစ်ကြောင်း သိရသည်။
ယင်းပွဲအပြီးတွင် ရာထူးမှထုတ်ပယ်ခံရနိုင်ခြေအတွက် စိုးရိမ်မှုရှိမရှိ မေးမြန်းမှုအပေါ် အာမိုရင်မ်က ''ကျွန်တော့်မှာ ပြဿနာတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အလုပ်က အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေနဲ့ နောက်တစ်ပတ်အထိ ဆက်လုပ်ဖို့ ဒီနေရာမှာ ကျွန်တော်ရှိနေတာပါ။ နိုင်ပွဲထပ်ရဖို့ ကျွန်တော်ကြိုးစားသွားမှာပါ။ ဒါက ကမ္ဘာပေါ်မှာ အခက်ခဲဆုံးပြိုင်ပွဲပါ။ ကျွန်တော် သူတို့ (ကစားသမားတွေ) ကို ဂရုစိုက်ဖို့ ကြိုးစားနေပါတယ်။ အသင်းက ဂိုးရဖို့ တွန်းအားပေးနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ပြီးတော့ အပြောင်းအလဲမလုပ်ချင်ဘူးလို့လည်း ကျွန်တော်ခံစားရတယ်။ ကျွန်တော်က ကစားသမားတွေကိုကူညီဖို့ ဒီနေရာမှာ ရှိနေတာပါ။ ကိုယ့်ရဲ့အခြေအနေ၊ ကိုယ့်ရဲ့ အလုပ်ကို ကျွန်တော်နားလည်ပါတယ်။ ကိုယ့်အလုပ်အပေါ် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်က နိုင်ပွဲတွေပဲ ရချင်တာပါ။ အမှတ်ပေးဇယားရပ်တည်မှုကိုပဲ ကျွန်တော်စိုးရိမ်တာပါ။ ကိုယ့်ကိုယ်ကိုအတွက် မစိုးရိမ်ပါဘူး'' ဟု ဖြေကြားသည်။
မန်ယူအသင်းအနေဖြင့် ဒဏ်ရာရစာရင်းတွင် ကစားသမား ၁၂ ဦးအထိရှိနေသဖြင့် စပါးအသင်းနှင့်ပွဲ၌ လူစားလဲမှုတစ်ဦးသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမပိုင်း ၁၃ မိနစ်ကတည်းက စပါးအသင်း၏ ဂိုးသွင်းယူမှု ခံခဲ့ရသော်လည်း အာမိုရင်မ်သည် အပြောင်းအလဲမလုပ်ဘဲ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၁ မိနစ်မှသာ အသက် ၁၇ နှစ်အရွယ် လူငယ်တိုက်စစ်မှူး အိုဘီကို လူစားလဲထည့် သွင်းခဲ့သည်။
ယင်းပွဲတွင် မန်ယူအသင်း၏ အရန်ခုံ၌ရှိနေသည့် ကစားသမားကိုးဦးအနက် လင်ဒီလော့ဖ်မှလွဲ၍ အိုဘီ၊ ကိုနေး၊ အာမက်စ်၊ ဖရက်ဒရစ်ဆန်၊ ဖလက်ချာ၊ ဟာရစ်ဆန်၊ မောဟောက်စ်၊ ဟယ်ဗန် စသည့်ကစားသမားရှစ်ဦးမှာ ဆယ်ကျော်သက်ကစားသမားများဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group