Eleven Media Group

လေ့ကျင့်မှုပျက်ကွက်ခဲ့သော်လည်း ဆဲလ်တစ်နှင့်ပွဲတွင် ဟာရီကိန်း ပါဝင်ကစားနိုင်ရန် ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ မျှော်လင့်

Photo: X

ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြ ကွန်ပနီသည် တနင်္လာနေ့က လေ့ကျင့်မှုပျက်ကွက်ခဲ့သော တိုက်စစ်မှူး ဟာရီကိန်းကို ဆဲလ်တစ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် လေဗာကူဆင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် မျက်နှာ၌ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ဟာရီကိန်းသည် ယင်းပွဲတွင် ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားခဲ့သော်လည်း ဆဲလ်တစ်နှင့်ပွဲအတွက် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းသည် လေဗာကူဆင်နှင့်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ပခုံးနှင့် တိုက်မိခဲ့သောကြောင့် မျက်နှာတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် ကုသမှုခံယူခဲ့ရကြောင်းလည်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ် Play-offs အဆင့် ပထမအကျော့တွင် ဆဲလ်တစ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိထားသော်လည်း ဒုတိယအကျော့၌ အမှားမခံသည့်အခြေအနေ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ယင်းပွဲကို အဓိကတိုက်စစ်မှူး ဟာရီကိန်း လွဲချော်မည်ဆိုပါက စိုးရိမ်ဖွယ်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ယင်းအတွက် မေးမြန်းမှုကို ကွန်ပနီက ''ဟာရီကိန်း ဘယ်လိုခံစားနေရလဲဆိုတာ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပါ။ ဒဏ်ရာ မပြင်းထန် ဖို့ မျှော်လင့်ပါတယ်။ အချိန်ကတော့ နည်းနည်းပဲ ရပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group