Eleven Media Group

ရီးယဲလ်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေး (၁%)သာ ရှိတော့သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား

Photo: UEFA

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ် Play-offs ပထမအကျော့တွင် ရီးယဲလ်အသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေး (၁%)သာရှိတော့သည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ် League Phase တွင် အဆင့်(၂၂)သာ ရရှိသည့်အတွက် အဆင့်(၁၁)ရရှိသည့် ရီးယဲလ်အသင်းနှင့် Play-offs ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
မန်စီးတီးအသင်း၏ အိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ပထမအကျော့ပွဲစဉ်တွင် မန်စီးတီးအသင်းက (၈၅)မိနစ်အထိ (၂-၁)ဂိုးဖြင့် အနိုင်ရနေခဲ့သော်လည်း ရီးယဲလ်အသင်းက (၈၆)မိနစ်တွင် ချေပဂိုး၊ (၉၀+၂) မိနစ်တွင် အနိုင်ဂိုးများ သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မန်စီးတီးအသင်းအနေဖြင့် ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်းတွင် အနိုင်ရရှိမှသာ နောက်တစ်ဆင့်တက်ရောက်နိုင်မည့်အခြေအနေ ဖြစ်သွားခဲ့သည်။
ယင်းအခြေအနေအပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ''ဘာနေဗျူးမှာ အနိုင်ကစားရတော့မယ်ဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ဘယ်လောက်ရာခိုင်နှုန်းရှိတာလဲ ကျွန်တော် မသိပါဘူး။ (၁%) ဖြစ်နိုင်ပါတယ်။ ဒါဟာ အရမ်းနည်းပါတယ်။ ဒါပေမဲ့ ရှိနေတဲ့ အခွင့်အရေးအတွက် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ပထမအကျော့မှာ (၂-၁)ဂိုးနဲ့ အနိုင်ရထားခဲ့ရင် အခြေအနေက ခြားနားသွားမှာပါ။ အခု (၂-၃)ဂိုးဖြစ်ခဲ့တာကြောင့် အခွင့်အရေးက နည်းပါးသွားပါတယ်။ ဒါပေမဲ့ ရသလောက်အခွင့်အရေးနဲ့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ''ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ မစတင်မီက ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့သော်လည်း League Phase တွင် (၈)ပွဲကစားရာ၌ (၃)ပွဲသာ အနိုင်ရရှိပြီး (၂)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့သည့်အတွက် Play-offs ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး ထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၆)မှတ်ကွာဟနေသည်။
ယခုရာသီ၌ ပြိုင်ပွဲစုံ(၃၉)ပွဲ ယှဉ်ပြိုင်အပြီးတွင် ရှုံးပွဲ (၁၂)ပွဲ ရှိခဲ့သည့်အတွက် ဂွါဒီယိုလာ ကိုင်တွယ်သည့် သက်တမ်းအတွင်း အဆိုးရွားဆုံးရလဒ်ပိုင်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group