
လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပြိုင်ပွဲမှ ထွက်ခွာ၍ အခြားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားနေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် လာလီဂါမှ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြိုင်ပွဲတာဝန်ရှိသူများနှင့် တင်းမာမှုများရှိနေပြီး ၎င်းတို့အလိုရှိသည့်အတိုင်း အပြောင်းအလဲလုပ်ပေးနိုင်ခြင်းမရှိပါက လာလီဂါပြိုင်ပွဲကို စွန့်ခွာရန် စဉ်းစားနေခြင်းဖြစ်ကြောင်း စပိန်မီဒီယာ Sport က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် ယခုနောက်ပိုင်း လာလီဂါပွဲစဉ်များ၌ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ် တောက်လျှောက်ဝေဖန်ပြစ်တင်မှု ပြုလုပ်နေခြင်းကြောင့် ပြိုင်ဘက်အသင်းအချို့၏ လှောင်ပြောင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
သို့ သော် ရီးယဲလ်အသင်းအနေဖြင့် အငြင်းပွားဖွယ်ဆုံး ဖြတ်ချက်များနှင့် ကြုံတွေ့နေရကြောင်း ထောက်ခံသူများလည်း ရှိနေသည်။
ရီးယဲလ်အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် အိုဆာဆူနာအသင်းနှင့် လာလီဂါပွဲစဉ်တွင်လည်း ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် ထုတ်ပယ်ခံရသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
ဘယ်လင်ဂမ်သည် ဒိုင်လူကြီးကို ဆဲရေးခဲ့သည်ဟူသည့် စွဲချက်ဖြင့် အနီကတ်ပြခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ယင်းအပြုအမူအပေါ် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်နေပြီး အမှန်တကယ်ဆဲရေးခဲ့ကြောင်း တွေ့ရှိပါက (၁၂)ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်သည်ဟုလည်း သတင်းထွက်နေသည်။
ထို့ကြောင့် ရီးယဲလ်အနေဖြင့် အခြားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားနေခြင်းဖြစ် ပြီး စီးရီးအေ၊ ပြင်သစ်လီဂူးနှင့် ဘွန်ဒစ်လီဂါတို့က လက်ခံဖွယ်ရှိကြောင်း၊ FIFA နှင့် UEFA ၏ ခွင့်ပြုချက်လိုအပ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။