Eleven Media Group

■ မန်ယူနိုက်တက်အသင်း အဆင့်(၁၄)နေရာတွင်သာ ရပ်တည်မည်ဟု စူပါကွန်ပျူတာ ခန့်မှန်း

Photo: Man Utd

အချက်အလက်များအပေါ် အခြေခံတွက်ချက်သည့် Opta ၏ စူပါကွန်ပျူတာက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူနိုက်တက်အသင်းအနေဖြင့် အဆင့်(၁၄)နေရာ၌သာ ရပ်တည်ရန် အလားအလာများသည်ဟု ခန့်မှန်းခဲ့သည်။

မန်ယူအသင်းသည် လက်ရှိအချိန်တွင် အမှတ်ပေးဇယား အဆင့်(၁၅)နေရာသို့ ရောက်ရှိနေပြီး ယခုထက်တစ်ဆင့်သာ မြင့်တက်နိုင်ကြောင်း စူပါကွန်ပျူတာက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

Opta က မန်ယူအသင်းအနေဖြင့် အဆင့် ၁၄ ရနိုင်ခြေမှာ ၁၉ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရှိနေသည်။

အဆင့် ၁၃ ရနိုင်ခြေမှာ ၁၇.၃ ရာခိုင်နှုန်းနှင့် အဆင့် ၁၅ ရနိုင်ခြေမှာ ၁၇.၉ ရာခိုင်နှုန်းအထိရှိနေကြောင်း သိရသည်။

တန်းဆင်းရမည့် အဆင့် ၁၈ နေရာအတွက် ၀.၁ ရာခိုင်နှုန်း၊ အဆင့် ၁၉ နှင့် ၂၀ နေရာများအတွက် သုညရာခိုင်နှုန်း ဖြစ်သည်။

မန်ယူအသင်း အမြင့်ဆုံးအဖြစ် အဆင့် ၆ ရနိုင်ခြေမှာ ၀.၁ ရာခိုင်နှုန်းသာရှိပြီး ထိပ်ဆုံးငါးသင်း စာရင်းဝင်ရန်မှာမူ သုညရာခိုင်နှုန်းဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် ၈ သာ ရပ်တည်ခဲ့ပြီး ယခုရာသီတွင်မူ ယင်းထက် အခြေအနေပိုဆိုးဖွယ် ရှိနေသည်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်း ရရှိမည်ဖြစ်ပြီး အာဆင်နယ်က ဒုတိယနေရာ၊ မန်စီးတီးက တတိယနေရာ၊ နော်တင်ဟမ်က စတုတ္ထနေရာ၊ ချယ်လ်ဆီးက ပဥ္စမနေရာ၊ ဘုန်းမောက်က ဆဋ္ဌမနေရာ၊ နယူးကာဆယ်က သတ္တမနေရာ ရရှိမည်ဟုလည်း ခန့်မှန်းထားသည်။

မူရင်းသတင်း — Eleven Media Group