Eleven Media Group

■ ချန်ပီယံလိဂ် Knockout Phase Play-offs ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: AFP

■ ဒေါ့မွန် - စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ဝဝး၁၅ နာရီ)

ဒေါ့မွန်ကလည်း စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ပထမပိုင်းမှာ အခက်အခဲအနည်းငယ်ရှိခဲ့ပေမယ့် ဒုတိယပိုင်းကတော့ ဒေါ့မွန်ရဲ့ ပွဲဖြစ်ခဲ့တယ်။ ဒေါ့မွန်ရဲ့ အမြန်နှုန်းနဲ့ ကြံခိုင်မှုကို စပို့တင်းလစ္စဘွန်း မယှဉ်နိုင်ခဲ့သလို၊ တစ်ဦးချင်း ကျွမ်းကျင်မှုအပိုင်းကိုကြည့်ရင်လည်း ဒေါ့မွန်ရဲ့အရည်အသွေးက တော်တော်လေးမြင့်တယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းမှာ ဒီရာသီချန်ပီယံလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဂွီရာဆေးက ဂိုးတွေဆက်တိုက်သွင်းပေးနေတယ်။ ဒေါ့မွန် ထပ်နိုင်မယ့် ပွဲဖြစ်တယ်။

■ ဒေါ့မွန်နှင့် စပို့တင်းတို့ ဆုံတွေ့ခဲ့သည့် နောက်ဆုံး(၅)ပွဲစလုံး သရေ ရလဒ်မရှိဘဲ အရှုံးအနိုင် အဖြေပေါ်ခဲ့သည်။
■ စပို့တင်းလစ္စဘွန်းသည် နောက်ဆုံး(၅)ပွဲဆက် ဂိုးပေးထားရသည်။

■ PSG - ဘရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၂း၃၀ နာရီ)

PSG က အဝေးကွင်းမှာကတည်းက နှစ်ကျော့စာ အဖြေထုတ်ခဲ့ပြီးပါပြီ။ ပထမအကျော့တုန်းက အဝေးကွင်းပွဲစဉ်မှာ ဗီတင်ညာရဲ့ ပယ်နယ်တီဂိုးနဲ့ ဒမ်ဘီလီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ နိုင်ငံတူ ပြိုင်ဘက် ဘရက်စ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒီရာသီ ဘရက်စ်နဲ့ တွေ့ခဲ့တဲ့ နှစ်ပွဲစလုံး ဂိုးပြတ်နိုင်ခဲ့တာဖြစ်ပြီး နှစ်ပွဲစလုံး အဝေးကွင်းတွေမှာ ဂိုးပြတ်သွင်းခဲ့ခြင်းဖြစ်တယ်။ အခု အိမ်ကွင်းပွဲစဉ်ကလည်း PSG အတွက် အခက်အခဲမရှိပါဘူး။ PSG ပဲ ဂိုးပြတ်ထပ်သွင်းမယ်။

■ PSG အသင်းသည် ဘရက်စ်အသင်းနှင့် နောက်ဆုံးဆုံတွေ့ခဲ့သည့် (၂၁)ပွဲ၌ (၁၉)ပွဲအထိ အနိုင်ရပြီး (၂)ပွဲသရေကျခဲ့သည်။
■ PSG အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက်အနိုင်ရထားသည်။

■ PSV - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၂း၃၀ နာရီ)

ဂျူဗင်တပ်စ်အသင်းရဲ့ အိမ်ကွင်းမှာ ၂-၁ နဲ့ ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရပြီး ဂျူဗင်တပ်စ်အတွက် မလွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်။ အဖွင့်ဂိုးသွင်းပြီးတဲ့နောက် PSV ရဲ့ ရုန်းအားကို ဂျူဗင်တပ်စ်ခံစားခဲ့ရပြီး ဂိုးလည်းပြန်ပေးခဲ့ရတယ်။ နောက်မှ အနိုင်ဂိုးရခဲ့တာပါ။ အခု PSV ကွင်းမှာလည်း PSV ရဲ့ အရည်အသွေးကြောင့် ဂျူဗင်တပ်စ်အသင်း အခက်အခဲ တွေ့နိုင်တယ်။ သရေရလဒ်လိုအပ်နေတဲ့အတွက် ထိန်းကစားမှာဖြစ်ပြီး PSV ကတော့ ဖွင့်ကစားလိမ့်မယ်။ ဂျူဗင်တပ်စ် သရေတော့ယူနိုင်မှာပါ။

■ PSV အသင်းသည် ဂျူဗင်တပ်စ်နှင့် ဆုံတွေ့ခဲ့သည့် နှစ်ပွဲစလုံး ရှုံး နိမ့်ခဲ့သည်။
■ ဂျူဗင်တပ်စ်သည် ချန်ပီယံလိဂ်အဝေးကွင်း(၄)ပွဲတွင် ရှုံးပွဲမရှိခဲ့ပေ။

■ ရီးယဲလ်မက်ဒရစ် - မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၂း၃၀ နာရီ)

မန်စီးတီးအသင်းက ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ကစားခဲ့တုန်းက ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တယ်။ ဒါကြောင့် မက်ဒရစ်မြေမှာ ကစားမယ့်ပွဲမှာ ရီးယဲလ်မက်ဒရစ်က နောက်တစ်ဆင့်တက်ဖို့အတွက် ပိုပြီး ရေပန်းစားတဲ့အခြေအနေမှာ ရှိနေတယ်။ ပထမအကျော့မှာ ကစားခဲ့တဲ့ခြေစွမ်းအရ ရီးယဲလ်မက်ဒရစ်အသင်းရဲ့အရည်အသွေးမြင့်တိုက်စစ်ကို မန်စီးတီး ခံစစ်က တော်တော်လေးခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတဲ့ အခြေအနေဖြစ်ခဲ့တယ်။ ရီးယဲလ်မက်ဒရစ်တိုက်စစ်ပိုင်းမှာ အမ်ဘာပေ အကောင်းဆုံးပုံစံရနေပြီး ဂိုးတွေလည်းဆက်တိုက်သွင်းနေတယ်။ ဗင်နီစီယပ်စ်ရဲ့ တစ်ဦးချင်းအရည်အသွေးကလည်း မန်စီးတီးကို ဒုက္ခပေးနိုင်တယ်။ စီးတီးအတွက် နောက်တစ်ဆင့်တက်ဖို့ မလွယ်ကူတော့ပါဘူး။ ရီးယဲလ်ပဲနိုင်မယ်။

■ ရီးယဲလ်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက် ဂိုးပေးထားရသလို၊ မန်စီးတီးအသင်းမှာလည်း နောက်ဆုံး(၅)ပွဲအနက် တစ်ပွဲတွင်သာ Clean Sheet ရလဒ် ရယူနိုင်ခဲ့သည်။
■ မန်စီးတီးအသင်းသည် ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်း၌ နောက်ဆုံး(၄)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group