
ဘာစီလိုနာအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်က ကစားခဲ့သော လာလီဂါ ပွဲစဉ်-၂၄ ဗယ်လက်ကာနိုအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကစားခဲ့သော လာလီဂါပွဲစဉ်များတွင် မက်ဒရစ်မြို့ခံ နှစ်သင်းစလုံး သရေကျခဲ့သဖြင့် ဘာစီလိုနာအသင်းက ကျော်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အသင်း ၂၀ ဖြင့် ကျင်းပသည့် လာလီဂါပြိုင်ပွဲများတွင် ပွဲစဉ် ၂၄ ပြီးနောက် ထိပ်ဆုံးသုံးသင်းအကြား ရမှတ် တစ်မှတ်သာ ကွာဟခြင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက်ဖြစ်ခဲ့ပြီး ယခင်က ၁၉၉၂-၉၃(ဘာစီလိုနာ ချန်ပီယံ)၊ ၂၀၁၃-၁၄(အက်သလက်တီကို ချန်ပီယံ) ရာသီများတွင်သာ ရှိခဲ့သည်။
ဘာစီလိုနာအသင်းသည် နံပါတ်တစ် နေရာတွင် ၅၁ မှတ်ဖြင့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက် အသာရခဲ့ပြီး တတိယနေရာမှ အက်သလက်တီကိုအသင်းနှင့် တစ်မှတ်အသာဖြင့် ရပ်တည်နေခြင်းဖြစ်သည်။ ဗယ်လက်ကာနို နှင့်ပွဲတွင် ဘာစီလိုနာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပယ်နယ်တီမှ ရရှိခဲ့ပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းယူခဲ့ခြင်း ဖြစ်သည်။ လီဝန်ဒေါစကီးသည် ယခုရာသီတွင် လာလီဂါသွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့သည်။
ဘာစီလိုနာအသင်းအနေဖြင့် ယခု ရာသီ လာလီဂါပြိုင်ပွဲတွင် ပယ်နယ်တီသွင်းဂိုး အများဆုံးအဖြစ် လေးဂိုးသွင်းယူထားကာ အလာဗတ်စ်၊ လီဟာနက်စ်အသင်းများနှင့် အတူ ထိပ်ဆုံးတွင် ပူးတွဲရပ်တည်နေပြီး ယင်းထဲမှ သုံးဂိုးကို လီဝန်ဒေါစကီးက သွင်းယူပေးခဲ့သည်။ ဘာစီလိုနာအသင်းအနေဖြင့် VAR ကြောင့် ပယ်နယ်တီရရှိခဲ့ပြီး VAR ကြောင့်ပင် ဗယ်လက်ကာနိုဘက်ကို ပေးရမည့်ချေပဂိုးနှင့် ရှောင်လွှဲနိုင်ခဲ့သည်။ ဘာစီလိုနာအသင်းသည် ၂၀၂၅ ခုနှစ်အတွင်း ကစားသည့် ပြိုင်ပွဲစုံ ၁၂ ပွဲတွင် ရှုံးပွဲမရှိကာ ၁၀ ပွဲနိုင်၊ နှစ်ပွဲသရေ၊ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
"တကယ်ကောင်းတဲ့ပြိုင်ဘက်နဲ့ ကစားခဲ့ရတာဖြစ်လို့ အရမ်းခက်ခဲခဲ့ပါတယ်။ ကစားသမားတွေအတွက် အရမ်းခက်ခဲခဲ့တဲ့ အလုပ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အားလုံးလည်း ပျော်နေကြတယ်။ ပြီးတော့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီထက်တော့ ပိုကောင်းသင့်ပါတယ်"ဟု ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့သည်။ ထို့ပြင် ဘာစီလိုနာကို ရလဒ်ကောင်းစေခဲ့သည့် VAR စနစ်နှင့်ပတ်သက်ပြီး ၎င်းက VAR အပေါ် မိမိတို့အနေဖြင့် ယုံကြည်မှုရှိကြောင်း၊ ယင်းစနစ်အပေါ်လည်း ယုံကြည်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။