
လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ရီးယဲလ်မက်ဒ ရစ်အနေဖြင့် လာလီဂါပြိုင်ပွဲမှထွက်ခွာမည်ဟု ခြိမ်းခြောက်နေသည်ဆိုသော သတင်းများမှာ ရယ်စရာ သာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပြိုင်ပွဲမှ ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်များနှင့်ပတ်သက် ၍ ပြိုင်ပွဲတာဝန်ရှိသူများနှင့် တင်းမာမှုများ ရှိနေပြီး ၎င်းင်းတို့ တောင်းဆိုသည့်အတိုင်း အပြောင်းအလဲ မလုပ်ပေးပါက လာလီဂါပြိုင်ပွဲမှထွက်ခွာရန် စဉ်းစားနေကြောင်း စပိန်အားကစားသတင်းစာ Sport က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဖေဖော်ဝါရီ (၂) ရက်က အက်စ်ပန်ညိုအသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်သည့် လာလီဂါပွဲတွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် စပိန်ဘောလုံးအဖွဲ့ချုပ်ထံ အိတ်ဖွင့်စာပေးကာ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ရီးယဲလ်မက်ဒရစ်အသင်းသည် အက်သလက်တီကို၊ အိုဆာဆူနာတို့နှင့် သရေကျခဲ့သည့်လာလီဂါပွဲစဉ်များတွင်လည်း ကွင်းလယ်ဒိုင်များ၏အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ကွင်းလယ်ဒိုင်များ၏ဆုံးဖြတ်ချက်များကို တောက်လျှောက်ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေပြီး ယခုအခါ လာလီဂါမှထွက်ခွာပြီး အခြားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် လာလီဂါဥက္ကဋ္ဌ တီဘက်စ်က အဆိုပါသတင်းမှာ ရယ်စရာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အခြားလိဂ်သို့ ပြောင်းရွှေ့ကစားနိုင် မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
တီဘက်စ်က "ဒါက ရယ်စရာပါပဲ။ အခြားလိဂ်ကို ပြောင်းကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ ကို ရီးယဲလ်မက်ဒရစ်အသင်းလည်း သိပါတယ်။ စပိန်ကလပ်တွေအနေနဲ့ စပိန်မှာပဲ ကစားရမယ်ဆိုတဲ့ အားကစားဥပဒေလည်း ရှိပါတယ်။ သူတို့ ခြိမ်း ခြောက်တာက နည်းဗျူဟာတစ်ခုပါပဲ။ သူတို့အနေ နဲ့ ဘယ်လိဂ်ကို သွားကစားမှာလဲ"ဟု ဆိုခဲ့သည်။
ရီးယဲလ်မက်ဒရစ်အနေဖြင့် အမှန်တကယ် လိဂ်ပြောင်းကစားမည်ဆိုပါက ပထမဆုံးအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံမှ ခွင့်ပြုချက်ယူရမည် ဖြစ်ပြီး ကစားလိုသည့်လိဂ်ကို လျှောက်ထားရမည်ဖြစ်သည်။
ထို့ပြင် ရီးယဲလ်မက်ဒရစ်အနေဖြင့် လိဂ် ပြောင်းကစားရန် ဥရောပဘောလုံးအဖွဲ့ချုပ်ထံမှလည်း ခွင့့်ပြုယူရမည်ဖြစ်ကြောင်း သိရှိရသည်။