
မန်ယူဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရိုက မိမိအနေဖြင့် အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်နေလိုကြောင်း ဖွင့်ဟပြော ကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်ကစားမား ကက်စီမီရိုသည် ၂၀၂၂ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင်သန်း (၇၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် မန်ယူအသင်းအတွက် ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီမှစတင်ကာ ခြေစွမ်းမပြနိုင်သည့်အတွက် အသင်းပရိသတ်များ၏ဝေဖန်မှုနှင့်ပါ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
မန်ယူအသင်းသည် အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ကက်စီမီရိုအား မြင့်မားသည့်လစာငွေကြောင့် ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
သို့သော် ကက်စီမီရိုက မန်ယူအသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်နေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကက်စီမီရိုက "မန်ယူအသင်းအပေါ် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ ဒီအသင်းကို ကျွန်တော် ကျေးဇူးလည်း အရမ်းတင်ပါတယ်။ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့ စာချုပ်မှာ (၁) နှစ်ခွဲလောက် ကျန်ရှိနေသေးတာပါ။ ကျွန်တော့်အနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ မန်ယူအသင်းမှာ ဆက်ကစားသွားချင်ပါတယ်။ မိသားစုကလည်း ဒီမှာနေသားကျနေပါပြီ။ ဒီအသင်းမှာ ကျွန်တော် ပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။