Eleven Media Group

ယူရိုပါလိဂ် Play-offs အဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: AFP

ရိုးမား နှင့် ပေါ်တို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ရိုးမားအသင်းက ပထမအကျော့မှာ ဦးဆောင်ဂိုးသွင်းပြီးမှ သရေကျခဲ့တာဖြစ်တယ်။ လက်ရှိ ရိုးမားအသင်းရဲ့အိမ်ကွင်းရလဒ်တွေကတော့ အတော်ကောင်းနေတဲ့ အနေအထားပါပဲ။ နောက်ဆုံးပွဲမှာ နာပိုလီအသင်းကို သရေကျခဲ့ပြီး အဲဒီပွဲမတိုင်ခင် (၇)ပွဲစလုံး အနိုင်ကစားထားခဲ့တယ်။ ၀ါရင့်နည်းပြဖြစ်သူ ရာနီရေးရီလက်ထဲမှာ အသင်းက နဂိုအသင်းကြီးတစ်သင်းပုံစံ ပြန်မြင်လာရတယ်။ ပေါ်တိုအသင်းရဲ့ လက်ရှိရလဒ်တွေက သိပ်အားရစရာ မရှိပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုမှာ ပေါ်တိုအသင်း အသာစီးရထားပေမဲ့ ဒီတစ်ပွဲတော့ ရိုးမားတို့ နိုင်ပွဲယူသွားဖို့များတယ်။

ဂါလာတာစာရေး နှင့် အယ်လ်ခမာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့မှာ ကစားသမားကောင်းတွေ များစွာရှိတဲ့ ဂါလာတာစာရေးလိုအသင်းကို အယ်လ်ခမာ ဂိုးပြတ်အနိုင်ရခဲ့တာက အတော်လေး အံ့အားသင့်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲရလဒ်အရ ဂါလာတာစာရေးအသင်း ပြန်လာနိုင်ဖို့က မ လွယ်လောက်တော့ဘူး။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ရှိနေလို့ အနည်းငယ်တော့ မျှော်လင့်လို့ရနေသေးတယ်။ အယ်လ်ခမာအသင်း (၂-၁)ဖြစ်နေချိန် ဂါလာတာစာရေးဘက်က ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရလို့ ဂိုးကွာခြားချက် ကြီးမားစေခဲ့တာပါ။ ဒီတစ်ပွဲတော့ ဂါလာတာစာရေး အနိုင်ပြန်ကစားလိမ့်မယ်။

စတူအာဘူခါရက် နှင့် PAOK (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဂရိမြေမှာ စတူအာဘူခါရက်အသင်းက အနိုင်ကစားထားပေမဲ့ PAOK ကစားသမားတစ်ယောက်လျော့သွားချိန်မှာမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပေးခဲ့တာဖြစ်တယ်။ စတူအာဘူခါရက်အသင်း အိမ်ကွင်းအားနဲ့ အနိုင်ရလဒ်ကို ထိန်းနိုင်ဖို့ ကြိုးစားမှာဖြစ်ပေမဲ့ PAOK အသင်း ဖောင်ဖျက်ကစားလာနိုင်မှုက ဘယ်လောက်အထိ ထိရောက်မလဲ စိတ်ဝင်စားစရာ ကောင်းနေတယ်။ အဝေးကွင်းဖြစ်ပေမဲ့ PAOK အသင်း အနိမ့်ဆုံးသရေကစားမယ်။

ဘိုဒယ်ဂလင့် နှင့် FC တွမ်တီး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့မှာ FC တွမ်တီးအသင်းက နာကျင်အချိန်ပိုဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ FCတွမ်တီးအသင်းရဲ့ လတ်တလော ရလဒ်တွေကလည်း အားရစရာကောင်းပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ FC တွမ်တီးအသင်း ရုန်းကန်ရတဲ့ပွဲ ပိုများတာကိုတော့ သတိပြုရမှာပါ။ League Phase အဆင့်မှာတော့ ဘိုဒယ်ဂလင့်ရဲ့ရလဒ်ပိုင်းက ကောင်းပါတယ်။ ဒီရာသီ ယူရိုပါလိဂ်အိမ်ကွင်း(၄)ပွဲမှာ (၃)ပွဲ အနိုင်ရထားတယ်။ FC တွမ်တီးအသင်း သရေလောက်တော့ ထိန်းနိုင်မယ်ထင်တယ်။

ဗစ်တိုးရီးယားပယ်လ်ဇန် နှင့် ဖယ်ရန်ဗာရို့စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဟန်ဂေရီမြေမှာကစားတဲ့ ပထမအကျော့မှာ ပယ်လ်ဇန်အသင်း အရှုံးပေးထားခဲ့ရတယ်။ ချက်ကလပ် ပယ်လ်ဇန်အသင်း ဖယ်ရန်ဗာရို့စ်ထက် ဥရောပသမ္ဘာပိုရှိပြီး ယူရိုပါလိဂ် အိမ်ကွင်းပွဲတွေမှာလည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကတည်းက မန်ယူတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဖယ်ရန်ဗာရို့စ်အသင်းကလည်း အဝေးကွင်းမစွံတဲ့စာရင်းထဲ ပါဝင်ပြီး ရှုံးပွဲများနေတတ်တာ သတိပြုရမယ်။ ပယ်လ်ဇန်အသင်းပဲ အနိုင်ကစားဖို့များတယ်။

ဆိုစီဒက် နှင့် မစ်ဂျီလန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဆိုစီဒက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဘာစီလိုနာအသင်းကို အနိုင်ကစားပြီးကတည်းက အိမ်ကွင်းရလဒ်တွေ တောက်လျှောက်နီးပါး ကောင်းလာတယ်။ ပထမအကျော့ အဝေးကွင်းပွဲမှာလည်း အနိုင်ရထားလို့ ဆိုစီဒက်အသင်း ဖိအားလျော့နည်းနေပေမဲ့ အိမ်ကွင်းပရိသတ်ရှေ့ဖြစ်လို့ အားထည့်ကစားမှာ သေချာပါတယ်။ ဒိန်းမတ်ကလပ် မစ်ဂျီလန်းအသင်းအဖို့ ဖောင်ဖျက်ကစားရမှာဖြစ်ပေမဲ့ စပိန်မြေမှာတော့ အိမ်ရှင်အသင်းကို ဒုက္ခပေးနိုင်မယ့် အနေအထား မရှိပါဘူး။ အိမ်ရှင် ဆိုစီဒက်အသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရပါလိမ့်မယ်။

အေဂျက်စ် နှင့် ဆန်လွိုက်ဆီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘယ်လ်ဂျီယံမြေမှာ အနိုင်ကစားထားတဲ့ ရလဒ်နဲ့တင် အေဂျက်စ်အသင်းက (၁၆)သင်းအဆင့် တစ်နေရာ ရယူထားပြီလို့ ပြောလို့ရတယ်။ ဆန်လွိုက်ဆီအသင်းက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဥရောပမှာ မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ မာဂုဏ်မျိုး မရှိတော့ဘူး။ အေဂျက်စ်တိုက်စစ်ပိုင်းက ဗက်ဟော့စ်၊ ဘရော့ဘေတို့ ပုံမှန်ဂိုးသွင်းခြေ မရှိပေမဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲဆက် အနို်င်ကစားထားတာကိုတော့ သတိပြုရမယ်။ အေဂျက်စ် အနိုင်ကစားဦးမယ်။

အန်ဒါလက်ချ် နှင့် ဖီနာဘာချီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဖီနာဘာချီအသင်း ပထမအကျော့ရလဒ်နဲ့တင် နောက်တစ်ဆင့်အတွက် စိတ်အေးနေရတဲ့ အနေအထားပါ။ ဒီပွဲပြီးရင် ပေါ်တူဂီအမှတ်ပေးချန်ပီယံဆုအတွက် အရေးပါဆုံးပွဲဖြစ်တဲ့ ဂါလာတာစာရေးအသင်းနဲ့ အဝေးကွင်းကစားရမှာဖြစ်လို့ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုအနေနဲ့ အဓိကကစားသမားတွေကို အနားပေးထားနိုင်တယ်။ အန်ဒါလက်ချ်က မျှော်လင့်ချက် မရှိသလောက်ဖြစ်ပေမဲ့ အိမ်ကွင်းပရိသတ်ရှေ့မှာဖြစ်လို့ ဂုဏ်သိက္ခာဆယ် ကစားပြဦးမယ်ထင်တယ်။ မော်ရင်ဟိုရဲ့ပုံစံအတိုင်း ခံစစ်အသားပေးကစားဖို့ရှိတဲ့ ဖီနာဘာချီထက် အန်ဒါလက်ချ်ကို ပိုကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group