Eleven Media Group

ကွန်းဖရန့်လိဂ် Play-offs အဆင့် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: AFP

ဘက်တစ် နှင့် KAA ဂျန့် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့ရလဒ်နဲ့ပဲ အဖြေက ထွက်ပြီးသလောက် ဖြစ်နေပါပြီ။ ပထမအကျော့ကစားခဲ့တဲ့ အမာခံကစားသမားစာရင်းကို နည်းပြ ပယ်လီဂရီနီအနေနဲ့ အပြောင်းအလဲလုပ်မှာ သေချာနေပြီး အမာခံတွေကိုပဲ အနားပေးလိမ့်မယ်။ ဘယ်လ်ဂျီယံမြေမှာတုန်းက အိမ်ရှင်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာကလွဲလို့ ဘက်တစ်အနေနဲ့ တိုက်စစ်ကစားပုံ အတော်လေး ကောင်းခဲ့ပါတယ်။ KAA ဂျန့်ကလည်း မျှော်လင့်ချက် မရှိသလောက်ဖြစ်နေလို့ အားစိုက်ကစားဖို့တော့ မရှိပါဘူး။ ဘက်တစ်အသင်း နိုင်ပွဲထပ်ယူနိုင်ပေမဲ့ ဂိုးပြတ်မသွင်းလောက်တော့ဘူး။

ဟိုင်းဟိုင် နှင့် FC ကိုပင်ဟေဂင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဒိန်းမတ်လိဂ်က ပြီးခဲ့တဲ့အပတ်ကမှ ပြန်လည်စတင်ခဲ့တာဖြစ်လို့ ပြိုင်ပွဲဝေးနေတာက FC ကိုပင်ဟေဂင်အသင်းအဖို့ ပထမအကျော့မှာ သိသာခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမာကျောမှုကို ဆက်လက်ပြသနိုင်ခဲ့ပြီး ဦးဆောင်ဂိုးတောင် သွင်းယူနိုင်ခဲ့ပေမဲ့ နောက်ကျဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်တယ်။ ကွန်းဖရန့်လိဂ်ပွဲတွေမှာ FC ကိုပင်ဟေဂင်အသင်း အဝေးကွင်းအတော်ကောင်းတဲ့စာရင်းထဲ ပါဝင်ပြီး (၁၃)ပွဲကစားရာမှာ နောက်ဆုံး ရက်ပစ်ဝီအန်နဲ့ပွဲတစ်ပွဲသာ အရေးနိမ့်ခဲ့တယ်။ ဟိုင်းဟိုင်အသင်းက အိမ်ကွင်းအားသာချက်ရှိပေမဲ့ FC ကိုပင်ဟေဂင်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။

ပါဖိုးစ် နှင့် အိုမိုနီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဆိုက်ပရပ်စ်လိဂ်မှာ ပါဖိုးစ်အသင်းက ဇယားထိပ်ဆုံး ရပ်တည်နေတဲ့အသင်းဖြစ်ပြီး အိုမိုနီးယားကတော့ အဆင့်(၄)နေရာမှာ ရှိနေတဲ့အသင်းပါ။ လတ်တလောရလဒ်ပိုင်းလည်း မကွာလို့ အိုမိုနီးယားပဲ ကြိုက်တယ်။

အိုလင်ပီယာ နှင့် ဘိုရက် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အဝေးကွင်းမှာ အိုလင်ပီယာအသင်း ကစားသမားတစ်ဦး အထုတ်ခံရပြီးမှ အရေးနိမ့်ခဲ့တာပါ။ အိမ်ကွင်းမှာ အိုလင်ပီယာ အနိုင်ပြန်ကစားဖို့များတယ်။

APOEL နှင့် ဆယ်ရယ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့မှာတော့ APOEL အသင်း နှစ်ကြိမ်စလုံး နောက်ကလိုက်ကစားခဲ့ရသလို၊ ကစားသမားတစ်ဦးလည်း အထုတ်ခံခဲ့ရတယ်။ ဥရောပသမ္ဘာပိုရှိတဲ့ APOEL အသင်း နိုင်ဖို့များတယ်။

ယာဂယ်လိုနီယာ နှင့် TSC (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ရလဒ်နဲ့တင် ယာဂယ်လိုနီယာအသင်းက နောက်တစ်ဆင့်တက်ဖို့ သေချာပြီးသားပါ။ အိမ်ကွင်းမှာ အနိုင်ကစားဦးမယ့် ယာဂယ်လိုနီယာပဲ ကြိုက်တယ်။

ပါနာသီနေကော့စ် နှင့် ဗိုက်ကင်ဂါ R (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပါနာသီနေကော့စ်အသင်း နာကျင်အချိန်ပိုမှာ ချေပဂိုးတစ်ဂိုး ပြန်ရလို့သာ အသက်ရှူချောင်ခဲ့ရတာဖြစ်တယ်။ ဂရိမြေမှာ ပါနာသီနေကော့စ်အသင်း အနိုင်ပြန်ရနိုင်ပေမဲ့ သုံးဂိုးတော့ မပြတ်လောက်ဘူး။

ရှမ်ရော့ခ်ရိုဗာ နှင့် မိုလ်ဒီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ရှမ်ရော့ခ်ရိုဗာအသင်းက ဆွီဒင်မြေမှာ မထင်မှတ်ဘဲ အနိုင်ယူခဲ့တယ်။ မိုလ်ဒီ ကစားသမားပိုင်းသာပေမဲ့ ရှမ်ရော့ခ်ရိုဗာအသင်း သရေတော့ထိန်းနိုင်တယ်။

မူရင်းသတင်း — Eleven Media Group