Eleven Media Group

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ ကျရှုံးမှုဖြစ်ပြီး ယင်းအတွက် မိမိတွင်သာ တာဝန်ရှိကြောင်း အေစီမီလန်နည်းပြ ကွန်ဆေးဆာအို ပြောကြား

Photo: Reuters

အေစီမီလန်နည်းပြ ကွန်ဆေးဆာအိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အေစီမီလန်အသင်းအတွက် ကျရှုံးမှုဖြစ်ပြီး ယင်းအတွက် ၎င်းတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် Play-offs ဒုတိယအကျော့ပွဲစဉ်တွင် ဖီယင်နုအသင်းကို (၁-၁) ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း (၁-၂)ဂိုး ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
အေစီမီလန်အသင်းသည် ဆန်စီရိုကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ် ပထမပိုင်းတွင် ဖီယင်နုအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရနေခဲ့သည်။
သို့သော် ပွဲချိန် (၅၁) မိနစ်တွင် အေစီမီလန်အသင်းခေါင်းဆောင် သီယိုဟာနန်ဒက်ဇ်မှာ (၂) ၀ါ၊ (၁) နီဖြင့်ထုတ်ပယ်ခံရခဲ့ပြီး ပွဲအပြီးတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
အေစီမီလန်အသင်း ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရခြင်းအတွက် သီယိုဟာနန်ဒက်ဇ်ကို အပြစ်တင်မှုများ ရှိနေသော်လည်း အသင်းနည်းပြ ကွန်ဆေးဆာအိုကမူ မိမိတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ''ဒါက ကျရှုံးမှုပါပဲ။ ကျွန်တော်တို့ ရှုံးထွက် (၁၆)သင်းအဆင့် တက်ချင်ခဲ့တာပါ။ အနီကတ်က ပြင်းထန်တယ်လို့ ပြောနိုင်ပေမဲ့ ကျွန်တော်တို့ ရင့်ကျက်ဖို့ လိုပါတယ်။ သီယိုမှာ တာဝန်မရှိပါဘူး။ ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်''ဟု ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group