
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ဖာဒီနန်က အသင်းဟောင်းအနေဖြင့် ပရီးမီးယားလိဂ်လက်ကျန် (၁၃) ပွဲတွင် (၁) ပွဲသာ အနိုင်ရပြီး ရာသီအကုန်တွင် တန်းဆင်းရမည်ကို စိတ်ပူမိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်အပတ်က စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့် (၁၅) နေရာအထိ ကျဆင်းသွားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၂၉) မှတ်ဖြင့် အဆင့် (၁၅) နေရာ ရပ်တည်နေပြီး တန်းဆင်းဇုန်ဖြစ်သည့် အဆင့် (၁၈) နေရာမှ အစ်ဝစ်ချ်အသင်း (၁၇ မှတ်)နှင့် (၁၂) မှတ် ကွာဟသည်။
ထို့ကြောင့် ဖာဒီနန်က ၎င်း၏ YouTube Channel အတွက် Podcast ပြုလုပ်ရာတွင် မန်ယူအသင်း တန်းဆင်းသွားမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖာဒီနန်က ''မန်ယူအသင်းဟာ အခုအချိန်မှာ အမှန်တကယ်ကို ရုန်းကန်နေရတာပါ။ တန်းဆင်းဇုန်နဲ့ ကျွန်တော်တို့အသင်းကြားမှာ ဝုလ်ဗ်နဲ့ ဝက်စ်ဟမ်းပဲ ရှိပါတော့တယ်။ ကျွန်တော်တို့အသင်းက တန်းဆင်းဇုန်နဲ့ အဲဒီလောက်ကို နီးကပ်နေတာပါ။ တစ်စုံတစ်ယောက်က မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့အတွက် လက်ကျန်ပွဲတွေကနေ (၁၁) မှတ်ရဖို့ လိုတယ်လို့ ပြောလာခဲ့မယ်ဆိုရင် ကျွန်တော် စိုးရိမ်ရတော့မှာပါ''ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၁၂) ပွဲအထိ ရှုံးထားပြီး ယင်းထဲမှ (၈) ပွဲမှာ လက်ရှိနည်းပြ အာမိုရင်မ်လက်ထက်တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဖာဒီနန်က မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်လက်ကျန် (၁၃) ပွဲတွင် မန်ယူအသင်းအနေဖြင့် တစ်ပွဲသာ အနိုင်ရနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ''မန်ယူရဲ့ ပွဲကျန်ကို ကြည့်လိုက်မယ်ဆိုရင် အမှတ်ရနိုင်တာ လက်စတာနဲ့ပွဲ (၁) ပွဲပဲ ရှိတယ်လို့ ထင်ပါတယ်။ ပွဲကျန်တွေကိုကြည့်မယ်ဆိုရင် ဘယ်ပွဲမှ အမှတ်ရဖို့ မလွယ်ဘူးဆိုတာကို တွေ့ရမှာပါ။ မန်ယူအနေနဲ့ ဘယ်ပွဲနိုင်မယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ဒါက ပြဿနာပါပဲ''ဟု ပြောကြားခဲ့သည်။