
၂၀၂၃-၂၀၂၄ ရာသီတွင် အာဆင်နယ်အသင်း စံချိန်တင်ဝင်ငွေရရှိသော်လည်း ပေါင် ၁၇ သန်းကျော် အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ရာသီအတွက် အာဆင်နယ်အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယခင် ၂၀၂၂-၂၀၂၃ ရာသီတွင်ရရှိခဲ့သည့် ပေါင် ၄၆၆ ဒသမ ၇ သန်းထက် ၃၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကာ စုစုပေါင်း ပေါင် ၆၁၆ ဒသမ ၆ သန်းဖြင့် ဝင်ငွေစံချိန်တင်ခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ခုနစ်နှစ်အကြာတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သောကြောင့် ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှာ ၂၀၂၂- ၂၀၂၃ ရာသီတွင် ပေါင် ၁၉၁ ဒသမ ၂ သန်းရရှိရာမှ ပေါင် ၂၆၂ ဒသမ ၃ သန်းသို့ လည်းကောင်း၊ လက်မှတ်ရောင်းချမှုဝင်ငွေမှာ ပေါင် ၁၀၂ ဒသမ ၆ သန်းရရှိရာမှ ပေါင် ၁၃၁ ဒသမ ၇ သန်းသို့လည်းကောင်း မြင့်တက်လာသလို ကစားသမားရောင်းချခြင်း သို့မဟုတ် အငှားချခြင်းမှ ဝင်ငွေရရှိမှုမှာလည်း ပေါင် ၁၂ ဒသမ ၂ သန်းမှ ပေါင် ၅၂ ဒသမ ၄ သန်း သို့ မြင့်တက်လာသည်။
ထို့ပြင် လစာပေးချေမှု အသုံးစရိတ်မှာလည်း ၂၀၂၂-၂၀၂၃ ရာသီထက် ရာခိုင်နှုန်း ၄၀ မြင့်တက်လာပြီး ပေါင် ၂၃၄ ဒသမ ၈ သန်းမှ ပေါင် ၃၂၇ ဒသမ ၈ သန်းအထိ အသုံးပြုခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီတွင် အခွန်မဆောင်မီ ပေါင် ၁၇ ဒသမ ၇ သန်း အရှုံးပေါ်ခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ရာသီတွင် အရှုံးပေါ်ခဲ့သည့် ပေါင် ၅၂ ဒသမ ၁ သန်းထက် ၆၆ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။
ကွင်းတွင်းကွင်းပြင် ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်နေရသည့် မန်ယူအသင်းမှာမူ ယခုရာသီ (၂၀၂၄-၂၀၂၅) အောက်တိုဘာမှ ဒီဇင်ဘာအထိ ဒုတိယသုံးလပတ်အတွက် ဝင်ငွေရရှိမှုမှာ ယခင်နှစ် ကာလတူထက် ၁၂ ရာခိုင်နှုန်းလျော့ကျသွားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မန်ယူအသင်းသည် ဒုတိယသုံးလပတ်တွင် ပေါင် ၁၉၈ ဒသမ ၇ သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် ကာလတူတွင်ရရှိခဲ့သည့် ပေါင် ၂၂၅ ဒသမ ၈ သန်းထက် ၁၂ ရာခိုင်နှုန်း လျော့ကျသွားသည်။
စီးပွားရေးကဏ္ဍများမှ ဝင်ငွေရရှိမှုမှာ ပေါင် ၇၁ ဒသမ ၈ သန်းမှ ပေါင် ၈၅ ဒသမ ၁ သန်းသို့ ၁၈ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာသော်လည်း ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှာ ပေါင် ၁၀၆ ဒသမ ၄ သန်းမှ ပေါင် ၆၁ ဒသမ ၆ သန်းသို့ ၄၂ ရာခိုင်နှုန်း၊ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေမှာ ပေါင် ၂၇ ဒသမ ၅ သန်းမှ ပေါင် ၃ ဒသမ ၁ သန်းသို့ ၈၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။
လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ လျော့ကျခြင်းမှာ အဲရစ်တန်ဟက်ဂ်နှင့် နည်းပြအဖွဲ့ကို ထုတ်ပယ်ရန် ပေါင် ၁၄ ဒသမ ၅ သန်း၊ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကို ခေါ်ယူရန်နှင့် ထုတ်ပယ်ရန် ပေါင် ၄ ဒသမ ၁ သန်း သုံးစွဲခဲ့ရခြင်းကြောင့်ဖြစ်သည်။