Eleven Media Group

ထိပ်ဆုံးလေးသင်းစာရင်းဝင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ပြီး မည်သည့်အရာမျှ ထာဝရမတည်မြဲဟု ဂွါဒီယိုလာ ဝန်ခံ

Photo: Fabrizio

ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် Play-offs မှ ထွက်ခဲ့ရပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရာသီကုန်၌ ထိပ်ဆုံးလေးသင်းစာရင်းဝင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ပြီး မည်သည့်အရာမျှ ထာဝရမတည်မြဲကြောင်း ဝန်ခံပြောကြားသည်။
မန်စီးတီးအသင်းသည် ရှုံးထွက်အဆင့် Play-offs တွင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းအား အိမ်ကွင်း၌ (၂-၃) ဂိုး၊ အဝေးကွင်း၌ (၃-၁) ဂိုးဖြင့် နှစ်ကျော့စလုံး ရှုံးနိမ့်ပြီး ထွက်ခဲ့ရသည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မတိုင်မီ ထွက်ရခြင်းမှာ ဂွါဒီယိုလာအတွက် နည်းပြဘဝ ပထမဆုံးအကြိမ်ဖြစ်သလို တစ်ရာသီအတွင်း ၁၃ ပွဲ ရှုံးနိမ့်ခြင်းမှာလည်း နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
သို့ဖြစ်ရာ ဂွါဒီယိုလာက ''အမ်ဘာပေရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ သေချာမကာကွယ်နိုင်ခဲ့ဘူး။ အဲဒါက ပိုခက်ခဲပါတယ်။ အကောင်းဆုံးအသင်းက အနိုင်ရသွားတာပါ။ သူတို့က အဲဒါနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကို အမြဲတမ်းကျော်နိုင်ခဲ့ပြီး ဗိုလ်လုပွဲနဲ့ ဆီမီးဖိုင်နယ်တွေလည်း ရောက်ဖူးပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ပြိုင်ပွဲအားလုံးမှာ ကျွန်တော်တို့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ အရင်သုံးရာသီမှာ ကျွန်တော်တို့က ရီးယဲလ်ထက် ပိုကောင်းတယ်လို့ ခံစားမိပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့က ပိုကောင်းပါတယ်။ ဒါကို ကျွန်တော်တို့လက်ခံပြီးတော့ ရှေ့ဆက်ရမှာပါ။ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစားဖို့ ကျန်ပါသေးတယ်။ နောက်ရာသီ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားရမှာပါ။ ဘယ်အရာမှ ထာဝရမတည်မြဲပါဘူး'' ဟု ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group