Eleven Media Group

စပိန်အမျိုးသမီးဘောလုံးသမား ဟာမိုဆိုကို နမ်းခဲ့ခြင်းအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ် ဒဏ်ငွေချမှတ်ခံရ

Photo: X

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ၏ ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်သည် စပိန်အမျိုးသမီးဘောလုံးသမား ဟာမိုဆိုကို နမ်းခဲ့ခြင်းအတွက် စပိန်တရားရုံးက ဒဏ်ကြေး ယူရို(၁၀၈၀၀)ချမှတ်လိုက်ကြောင်း သိရသည်။
ရူဘီယာလက်စ်သည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း ချန်ပီယံဆုရရှိခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကျင်းပချိန်တွင် စပိန်အမျိုးသမီးအသင်း၏ တိုက်စစ်ကစားသမား ဟာမိုဆိုကို နှုတ်ခမ်းချင်း နမ်းခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ရသည်။
ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကလည်း ၎င်းအား ဘောလုံးလောကနှင့် ပတ်သက်ခွင့် (၃)နှစ် ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ယခုအခါ စပိန်တရားရုံးက ၎င်းကို ဒဏ်ကြေးအဖြစ် ယူရို(၁၀၈၀၀)ပေးဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ဟာမိုဆို၏ ခွင့်ပြုချက်မရရှိဘဲ နမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအဖြစ် သတ်မှတ်ကာ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စပိန်တရားရုံးက ရူဘီယာလက်စ်အနေဖြင့် ဟာမိုဆို၏အနီး မီတာ(၂၀၀)အကွာအဝေးအတွင်းသို့ သွားရောက်ခြင်းမပြုရန် ပိတ်ပင်သည့်ပြစ်ဒဏ်လည်း ချမှတ်ခဲ့ကြောင်း သိရသည်။
သို့သော် ရူဘီယာလက်စ်ကမူ ယခုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group