Eleven Media Group

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲများအတွက် (၁၆) သင်းအဆင့် မဲခွဲပွဲအခမ်းအနား ယနေ့ပြုလုပ်မည်

Photo: UEFA

၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ် ပြိုင်ပွဲများအတွက် (၁၆) သင်းအဆင့်ပွဲစဉ်များ မဲခွဲပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် (ယနေ့) ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မဲခွဲပွဲအခမ်းအနားများကို ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ရုံးချုပ်၌ ပြုလုပ်မည်ဖြစ်ပြီး ချန်ပီယံလိဂ်မဲခွဲပွဲကို မြန်မာစံတော်ချိန် ညနေ ၅ နာ ရီခွဲ၊ ယူရိုပါလိဂ်မဲခွဲပွဲကို မြန်မာစံတော်ချိန် ည ၆ နာရီခွဲနှင့် ကွန်းဖရန့်လိဂ်မဲခွဲပွဲကို မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။
မဲခွဲပွဲပြုလုပ်ရာတွင် ၁၆ သင်းအဆင့်အပြင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအထိ တွေ့ဆုံမည့် အတွဲအဖက်များကိုပါ တစ်ပါတည်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်ရှုံးထွက်အဆင့် Play-offs ဒုတိယအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး PSG အသင်းက ဘရက်စ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၁၀-၀) ဂိုး၊ ကလပ်ဘရုဂေးအသင်းက အတ္တလန်တာအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၂) ဂိုး၊ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၆-၃) ဂိုး၊ PSV အသင်းက ဂျူဗင်တပ်စ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄-၃) ဂိုး (နှစ်ကျော့ပေါင်း ၃-၃ သရေကျနေပြီး အချိန်ပိုတွင် PSV အသင်း အနိုင်ရ)၊ ဖီယင်နုအသင်းက အေစီမီလန်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၂-၁) ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းက ဆဲလ်တစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုး၊ ဒေါ့မွန်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၃-၀) ဂိုး၊ ဘင်ဖီကာအသင်းက မိုနာကိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄-၃) ဂိုးဖြင့် အနိုင်ရကာ (၁၆) သင်းအဆင့်သို့ တက်ရောက်ခွင့်ရခဲ့သည်။
UEFA အနေဖြင့် (၁၆) သင်းအဆင့်တွင် တွေ့ဆုံနိုင်မည့် အတွဲအဖက်များကို ကြိုတင်ရေးဆွဲထားပြီးဖြစ်သောကြောင့် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်နှင့် PSG အသင်းတို့ ပွဲကျပ်များ ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်ပြီး ရီးယဲလ်အသင်းမှာ အက်သလက်တီကို သို့မဟုတ် လေဗာကူဆင်၊ PSG အသင်းမှာ လီဗာပူးလ် သို့မဟုတ် ဘာစီလိုနာတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group