Eleven Media Group

လာမည့်နွေရာသီ၌ မန်စီးတီးအသင်း ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ဖွယ်ရှိ

Photo: X

မန်စီးတီးအသင်းသည် လာမည့်နွေရာသီ ၌ ကစားသမားအပြောင်းအလဲများစွာ ပြုလုပ် ဖွယ်ရှိကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်(၅)ဦး ခေါ်ယူအားဖြည့်ခဲ့သည်။
သို့သော် လက်ရှိအချိန်၌ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည့်အပြင် FA ဖလား ပြိုင်ပွဲတစ်ခုတွင်သာ ဆုဖလားမျှော်လင့်ချက် ကျန်ရှိတော့သည်။
ထို့ကြောင့် လာမည့်နွေရာသီ၌ ပြုပြင်ပြောင်းလဲမှုများ ထပ်မံပြုလုပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်နေခြင်းဖြစ်သည်။
မန်စီးတီးအသင်းတာဝန်ရှိသူများသည် အသင်းအား သွေးသစ်လောင်းရန်အတွက် နည်းပြ ဂွါဒီယိုလာကို အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ရာ လာမည့်နွေရာသီတွင် ကစားသမားသစ် (၄)ဦးမှ (၅)ဦးအထိ ခေါ်ယူအားဖြည့်ဖွယ်ရှိကြောင်း သိရသည်။
ဂွါဒီယိုလာသည် ဒီဘရိုင်းနား၊ ဝေါ်လ်ကာ၊ ဘာနာဒိုဆေးလ်ဗားတို့နှင့် လမ်းခွဲရန် စီစဉ်ထားသလို၊ အခြားသော အသက်(၃၀)အထက် ကစားသမားများကိုလည်း ကမ်းလှမ်းမှုများ ရှိလာပါက ရောင်းထုတ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါင်သန်း(၁၈၀) ဝန်းကျင် အသုံးပြုခဲ့ပြီး နွေရာသီတွင် ယင်းထက် ပိုမိုသုံးစွဲသွားရန် သေချာကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group