
မန်ယူနည်းပြ အာမိုရင်မ်နှင့် တွေ့ဆုံခြင်း
မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ပြီး စပို့တင်းလစ္စဘွန်းနဲ့ နာမည်ရလာတဲ့ ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်ကို ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာမိုရင်မ်လက်ထက်မှာ မန်ယူအသင်းဟာ ရလဒ်ပိုဆိုးနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၁၅) အထိ ကျဆင်းသွားခဲ့တာပါ။ Sky Sports နဲ့ အင်တာဗျူးမှာ သူနဲ့ မန်ယူအသင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ သူ့ရဲ့ရည်မှန်းချက်တွေကို အာမိုရင်မ်က အခုလိုပဲ ပြောပြထားပါတယ် . . .
မန်ယူနည်းပြ အာမိုရင်မ်နှင့် တွေ့ဆုံခြင်း
မန်ယူအသင်းအနေနဲ့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ပြီး စပို့တင်းလစ္စဘွန်းနဲ့ နာမည်ရလာတဲ့ ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်ကို ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာမိုရင်မ်လက်ထက်မှာ မန်ယူအသင်းဟာ ရလဒ်ပိုဆိုးနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၁၅) အထိ ကျဆင်းသွားခဲ့တာပါ။ Sky Sports နဲ့ အင်တာဗျူးမှာ သူနဲ့ မန်ယူအသင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ သူ့ရဲ့ရည်မှန်းချက်တွေကို အာမိုရင်မ်က အခုလိုပဲ ပြောပြထားပါတယ် . . .
မေး - ပြိုင်ပွဲစုံနောက်ဆုံး (၉) ပွဲမှာ (၆) ပွဲနိုင်တယ်။ ဒါပေမဲ့ လိဂ်နောက်ဆုံး (၁၂) ပွဲမှာ (၈) ပွဲအထိ ရှုံးခဲ့တယ်။ ဘယ် Stat က အသင်းကို ကိုယ်စားပြုတယ်လို့ ခင်ဗျားထင်လဲ။
ဖြေ - အသင်းရဲ့စွမ်းဆောင်မှုကိုပဲ ကျွန်တော်တို့ ကြည့်သင့်တယ်လို့ ထင်ပါတယ်။ Data နဲ့ ပွဲတွေကို ကြည့်မယ်ဆိုရင် နိုင်တာနဲ့ ရှုံးတာကို ခင်ဗျား မြင်တွေ့ရမယ်။ ဒါက စွမ်းဆောင်မှုပါပဲ။ ကျွန်တော်တို့ အများကြီးတိုးတက်ဖို့ လိုသေးတယ်လို့ ထင်ပါတယ်။ ပွဲတွေမှာ ကျွန်တော်တို့ ကောင်းတဲ့အခိုက်အတန့်တွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ရမှာတွေ အများကြီးရှိပြီး အများကြီး တိုးတက်ဖို့ လိုနေသေးတာပါ။
မေး - နယူူးကာဆယ်ကို ရှုံးနိ်မ့်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အသင်းက တိုးတက်မှု မရှိဘူးလို့ ခင်ဗျား ပြောခဲ့တယ်နော်။ အဲဒီနောက်ပိုင်းမှာ အသင်းတိုးတက်မှုရှိတယ်လို့ ခင်ဗျားထင်လား။
ဖြေ - တချို့အချိန်တွေမှာ တိုးတက်လာသလို ရှိပါတယ်။ ဒါပေမဲ့ ပွဲတိုင်းတော့ မဟုတ်ပါဘူး။ ဘောလုံးမှာ Consistency (ခြေစွမ်းတစ်သတ်မတ်တည်း)ရှိခြင်းက အသင်းရဲ့အရှိန်ကို ပြောင်းလဲဖို့အတွက် တကယ်ကိုအရေးကြီးပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ (၂) ပွဲလောက် အကောင်းဆုံးကစားနိုင်ပြီး နောက်ပွဲကျတော့ ကျွန်တော်တို့ လိုချင်တဲ့အတိုင်း မစွမ်းဆောင်နိုင်ပြန်ဘူး။ အဲဒါက အမှန်တကယ်စိတ်ပူရမယ့်အရာဖြစ်ပါတယ်။
manchester-united-fc-v-everton-fc-premier-league-large.jpeg
မေး - ခင်ဗျားမှာ လုပ်စရာတွေ အများကြီးဆိုတော့ အခုအချိန်မှာ ခင်ဗျား ဦးစားပေးလုပ်ရမယ့်အရာက ဘာလဲ။
ဖြေ - အရာအားလုံးက ဆက်စပ်နေတာပါ။ အခုအချိန်မှာ ကျွန်တော်တို့ ကစားပုံတိုးတက်ချင်တယ်။ အဲဒီအတွက် ကစားသမားတွေအားလုံး တိုးတက်ဖို့ လိုတယ်။ ပြီးတော့ ဘာပဲဖြစ်ဖြစ် အနိုင်ရရမယ်ဆိုတဲ့ ခံစားမှုရှိဖို့ လိုပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ လုပ်ရမှာက ပွဲတွေအနိုင်ရဖို့ပါ။ ဒါက အဓိကအချက်ပါပဲ။
မေး - အခုအချိန်မှာ ခင်ဗျား ရင်ဆိုင်နေရတဲ့ အဓိကပြဿနာက နည်းစနစ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုလား။
ဖြေ - အဲဒီလိုထင်ပါတယ်။ အထူးသဖြင့် လက်စတာနဲ့ကစားခဲ့တဲ့ပွဲ ပထမပိုင်းက ကျွန်တော်တို့အသင်းရဲ့ ကစားပုံက နှေးကွေးနေခဲ့တာကို ခင်ဗျားတို့တွေ့ရမှာပါ။ ဘောလုံးတွေ အလွယ်တကူ ဆုံးရှုံးခဲ့ရတယ်။ အဲဒီအပိုင်းတွေ တိုးတက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ အမှားအများစုဟာ စိတ်ပိုင်းဆိုင်ရာကြောင့်လို့ ထင်ပါတယ်။
မေး - ခင်ဗျားရဲ့ နည်းစနစ်ကို ကစားသမားတွေ လိုက်နိုင်တယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာလို့ ဆိုနိုင်မလား။
ဖြေ - ကျွန်တော့်ရဲ့နည်းစနစ်က သာမန်ပါပဲ။ တချို့ကစားသမားတွေကတော့ ခံစစ် (၃)ယောက်တန်းနဲ့ မကစားခဲ့ဖူးဘူး။ ဒါပေမဲ့ တချို့ပွဲတွေမှာ ကျွန်တော်တို့ (၄-၄-၂)နဲ့ ကစားခဲ့တာလည်း ရှိပါတယ်။ တချို့ပွဲကြီးတွေမှာလည်း ၃-၄-၃ နဲ့ ကျွန်တော်တို့ အဆင်ပြေခဲ့တာပဲ။ နည်းစနစ်က ပုံမှန်ပါပဲ။ တချို့ပွဲတွေမှာ ကျွန်တော်တို့အနေနဲ့ ယုံကြည်မှုပျောက်ဆုံးနေတယ်။ ဒါက ကျွန်တော်တို့ အခက်အခဲပါပဲ။ ကျွန်တော်တို့က Underdog အဖြစ် ကစားရတဲ့ပွဲတွေမှာ ပိုအဆင်ပြေပေမဲ့ အနိုင်ကစားရမယ့်ပွဲတွေမှာဆိုရင်တော့ အဲဒီစိတ်ဓာတ်ပိုင်းက ပျောက်ဆုံးနေတယ်လို့ ထင်ပါတယ်။
untitled4.png
မေး - အသင်းကစားသမားတွေရဲ့ ယုံကြည်မှုကို ခင်ဗျား အပြည့်အဝရပြီးလား။
ဖြေ - ကျွန်တော့်အနေနဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုကိုရဖို့ နေ့တိုင်းကြိုးစားနေပါတယ်။ ကစားသမားတွေရဲ့ ယုံကြည်မှုတွေကို ရရှိဖို့အတွက် စကားပြောနေရုံနဲ့ မရပါဘူး။ ပွဲတွေ အနိုင်ရဖို့ လိုပါတယ်။ ဒါမှ ကစားသမားတွေဆီက ယုံကြည်မှု ရမှာပါ။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကစားနိုင်ဖို့ လိုတယ်။ ပြိုင်ဘက်တွေကို ဖိအားပေးနိုင်ဖို့ လိုတယ်။ အဲဒီနည်းနဲ့ပဲ ကစားသမားတွေဆီက ယုံကြည်မှုကို ရမှာပါ။ ကျွန်တော့်အနေနဲ့ ဘောလုံးသမားဘဝကိုလည်း ဖြတ်သန်းဖူးတာကြောင့် ကစားသမားတွေ ဘာလိုအပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်။
မေး - မန်ယူကို ကိုင်တွယ်တာ (၄) လရှိပြီဖြစ်ပြီး ပွဲပေါင်း (၂၀) ကျော် ကိုင်တွယ်ပြီးသွားပြီ။ ဘယ်လိုနေလဲ။ ကြာပြီလို့ ခံစားရလား။
ဖြေ - ဟုတ်ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေ များတယ်။ နေ့တိုင်းကတော့ အရာအားလုံးအတွက် တိုက်ပွဲဝင်နေရတယ်။ မီဒီယာတွေကလည်း များတယ်။ ပြီးတော့ ပွဲတွေများပြီး နှစ်ရက် တစ်ပွဲလောက်ကို ကစားနေရတယ်။ မန်ယူလို ထိပ်တန်းအသင်းမျိုးကို ကိုင်တွယ်ပြီး ပွဲတွေဆက်တိုက် အနိုင်ရအောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် အမြဲတမ်း တိုက်ပွဲဝင်နေရတာပါပဲ။
မေး - မန်ယူပရိသတ်တွေက ခင်ဗျားအပေါ် မျှော်လင့်ချက်ကြီးမားတယ်။ အဲဒီအတွက် ခင်ဗျား ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ခံစားရလား။
ဖြေ - ဒါက ဂုဏ်ယူစရာပါ။ ဒင်းနစ်လောရဲဲ့ စျာပနမှာ မန်ယူပရိသတ်တွေနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပြီး စကားပြောခွင့်ရခဲ့တယ်။ သူတို့က အရမ်းကောင်းပြီး ကျွန်တော်တို့အပေါ်မှာ အတော်လေးယုံကြည်ထားတယ်။ သူတို့က ကျွန်တော့်ကို အသင်းကိုကူညီစေချင်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အသင်းကစားသမားတွေကို ကူညီပြီး အသင်းကို အရင်လိုအဆင့်အတန်းမျိုးရောက်အောင် လုပ်ပေးဖို့ အစွမ်းကုန်ကြိုစားနေပါတယ်။ မန်ယူပရိသတ်တွေက ဒီအသင်းကိုကိုင်တွယ်ခဲ့တဲ့ နည်းပြတိုင်းဆီက အခုလိုစကားမျိုး ကြားနေရတာဆိုတော့ တော်တော်လေးနားကြားပြင်းကပ်နေလောက်ပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ အသင်းရဲ့ အခြေအနေက ခက်ခဲပြီး ကျွန်တော်တို့အနေနဲ့ ပွဲကို အနိုင်ရအောင် အာရုံစိုက်ထားပါတယ်။
2025-02-16t182616z-747201589-up1el2g1f7q5y-rtrmadp-3-soccer-england-tot-mun-report.jpg
မေး - ကစားသမားတွေက ကစားပုံကို ဒီလိုပြောင်းလိုက်ရအောင် ပြောလာလို့ ခင်ဗျား ပြောင်းလိုက်တာမျိုး ရှိလား။
ဖြေ - မရှိပါဘူး။ ကစားသမားတွေ တောင်းဆိုလို့ ကစားကွက် ပြောင်းတာမျိုး ကျွန်တော် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ဒီပွဲကို ဒီလို ကစားမှ နိုင်မယ်လို့ ကျွန်တော် ခံစားရမယ်ဆိုရင်တော့ အရာအားလုံးကို ကျွန်တော် ပြောင်းလဲပစ်မှာပါ။ ပွဲတွေ အနိုင်ရဖို့အတွက် ယုံကြည်မှုရှိဖို့ လိုပါတယ်။ တကယ်လို့ ကစားသမားတွေနဲ့ ကလပ်အသင်းက ကျွန်တော့်ကို မယုံကြည်ဘူးလို့ ကျွန်တော်ခံစားရမယ်ဆိုရင်တော့ အဲဒီအချိန်မှာ ကျွန်တော် စပြောမှာပါ။ အခုအချိန်ထိတော့ ကျွန်တော် လုပ်ချင်တာကို ကျွန်တော် လုပ်မှာပါ။ ဒါက နည်းစနစ်ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်က ရာသီအလယ်မှာ အသင်းကို ရောက်လာတယ်။ အသင်းက အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီထဲမှာ ပွဲတွေအများကြီး ကစားရတယ်။ ပွဲတွေအားလုံး နိုင်နေရင်တော့ အဆင်ပြေတာပေါ့။ ကျွန်တော်တို့ မှာ ပြဿနာတွေရှိပြီး ရှုံးပွဲတွေလည်း များနေတော့ ပိုခက်ခဲသွားတာပေါ့။
မေး - မန်ယူအသင်းက ဝန်ထမ်းတွေကို အလုပ်ဖြုတ်တယ်။ လက်မှတ်စျေးတွေကို မြှင့်တင်လိုက်တယ်။ အဲဒီအရာတွေက ခင်ဗျားအလုပ်ကို ပိုပြီး ခက်ခဲစေသလား။
ဖြေ - မဆိုင်ပါဘူး။ ကျွန်တော့်အလုပ်က ပွဲတွေကို အနိုင်ရအောင် ကြိုးစားဖို့နဲ့ ကစားသမားတွေ ခြေစွမ်းပြနိုင်အောင် ကူညီဖို့ပါ။ ခင်ဗျားပြောတာတွေက တခြားပြဿနာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ငွေကြေးများစွာသုံးပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမဲ့ အချိန်အကြာကြီး ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ ပြဿနာပါ။ အသင်းမှာ ဟိုပြဿနာ၊ ဒီပြဿနာတွေ ရှိနေလို့ ခြေစွမ်းမပြနိုင်တာလို့ ကျွန်တော်တို့ ဆင်ခြေပေးလို့ မရပါဘူး။ အထူးသဖြင့် အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတွေအတွက် ပိုခက်ခဲတာပေါ့။ လက်မှတ်တွေ စျေးတက်ကတော့ ကျွန်တော်တို့အမှားလို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့သာ ပွဲတွေအနိုင်ရပြီး ချန်ပီယံလိဂ်မှာ ကစားခွင့်ရခဲ့မယ်ဆိုရင် အခုလိုအခြေအနေမဆိုးနိုင်ပါဘူး။ ပြီးတော့ အကယ်ဒမီမှာ ကစားသမားကောင်းတွေ ရှိပြီး အပြောင်းအရွှေ့မှာ ငွေတွေရှာနိုင်ခဲ့ရင် အခုလို လူတွေအများကြီး အလုပ်ကနေ အထုတ်ခံရမှာ မဟုတ်ပါဘူး။