
မန်ယူကစားသမား ဂါနာချိုက အသက် (၂၀)သာရှိသေးပေမဲ့ သားလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ။ အတူနေချစ်သူ အီဗာ မွေးဖွားပေးထားတာဖြစ်ပြီး အန်ဇိုလို့ အမည်ရပါတယ်။ မန်ယူအကယ်ဒမီကို ၂၀၂၀ မှာ စတင်ရောက်ရှိလာခဲ့တဲ့ ဂါနာချိုက ဇနီးရယ် သားလေးရယ်နဲ့အတူ မန်ချက်စတာမြို့မှာ နေ့ထိုင်ပါတယ်။ ဒီလိုဆိုရင် ပြည့်စုံဦးမှာမဟုတ်ဘူး။ ဖရက်ကိုနဲ့ ဘာရိုးစ်ဆိုတဲ့ ခွေးလေးနှစ်ကောင်လည်း သူတို့နဲ့အတူ နေထိုင်တယ်ဆိုမှ ပြည့်စုံမှာပါ။ ဒီခွေးလေးနှစ်ကောင်ကို ဂါနာချိုက သူ့ရဲ့မိသားစုဝင်တွေလိုသဘောထားပြီး ချစ်ခင်ကြင်နာပါတယ်။ လူမှုကွန်ရက်မှာလည်း ခွေးလေးနှစ်ကောင်နဲ့ ဆော့ကစားနေတဲ့ပုံတွေကို မကြာခဏ တင်လေ့ရှိပါတယ်။ ဖရက်ကိုနဲ့ ဘာရိုးစ်ကို သူ့ပရိသတ်တွေတောင် တရင်းတနှီးရှိနေကြပြီဆိုပါတော့။
garnacho1.png
ဒါပေမဲ့ တစ်နေ့မှာတော့ ဖရက်ကိုနဲ့ ဘာရိုးစ်တို့ ခြံထဲကနေ လွတ်ထွက်သွားခဲ့ပါတယ်။ ခြေရှည်တဲ့နှစ်ကောင်ကြောင့် ဂါနာချို ရတက်ပွေခဲ့ရပြီး တွေ့ရင် အကြောင်းကြားပေးဖို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခဲ့ရပါတယ်။ ကံကောင်းချင်တော့ သူ့အိမ်နဲ့ မလှမ်းမကမ်းမှာနေထိုင်တဲ့ လီယာစမစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကားမောင်းသွားရင်း လမ်းမှာ ခွေးလေးနှစ်ကောင် ယောင်လည်လည်ဖြစ်နေတာကို မြင်တွေ့ခဲ့ပါတယ်။ သူကလည်း မန်ချက်စတာမြို့သူ မန်ယူပရိသတ်ဆိုတော့ ဂါနာချိုရဲ့ ပရိသတ်လည်း ဖြစ်နေတာပေါ့။ ဒီတော့ ခွေးလေးနှစ်ကောင်ကို မြင်လိုက်တာနဲ့ ဂါနာချိုရဲ့ ဖရက်ကိုနဲ့ ဘာရိုးစ်တို့ဆိုတာ သိလိုက်ပါတယ်။ ဒါနဲ့ပဲ ခွေးလေးနှစ်ကောင်ကို ကားပေါ်ခေါ်တင်ပြီး မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီက ဝန်ထမ်းတွေကလည်း ဖရက်ကိုနဲ့ ဘာရိုးစ်တို့ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ပြီးတော့ ဂါနာချိုတို့အိမ်ကို သွားပို့ပေးနိုင်မလားလို့ မေးခဲ့ပါတယ်။ လီယာစမစ်ကလည်း လိုလိုလားလားပဲ လက်ခံပြီး အိမ်တိုင်ရာရောက် သွားပို့ပေးခဲ့ပါတယ်။ အဲဒီအချိန် အိမ်မှာ ဂါနာချို မရှိပါဘူး။ သူ့ ချစ်သူ အီဗာကပဲ လက်ခံယူခဲ့တာပါ။
garnacho4.png
ဂါနာချို အိမ်ပြန်ရောက်လာပြီးနောက်မှာတော့ လီယာစမစ်ဆီ ဖုန်းခေါ်ပြီး နှစ်ဦးသား ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ပြီးတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် မန်ယူအသင်းရဲ့ ပွဲစဉ်တစ်ပွဲအတွက် ပွဲကြည့်လက်မှတ်တွေ ပေးခဲ့ပါတယ်။ ပြီးတော့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာရောက်လည်ပတ်ခွင့်လည်း ပေးခဲ့ပါတယ်။ ဒါဟာ သူ့အချစ်တော် ခွေးလေးနှစ်ကောင်ကို ဘေးမသီရန်မခ အိမ်ပြန်ရောက်အောင် ပို့ဆောင်ပေးခဲ့ခြင်းအတွက် ဂါနာချိုရဲ့ ကျေးဇူးတုံ့ပြန်မှုပါ။ လီယာစမစ်က မန်ယူပရိသတ်ဖြစ်နေတာကြောင့် ဒါတွေက မေ့ဖို့ခက်တဲ့ အမှတ်တရလက်ဆောင်တွေ ဖြစ်ခဲ့ပါတယ်။ လီယာစမစ်က မန်ယူနဲ့ ဆောက်သမ်တန်ယှဉ်ပြိုင်ကစားတဲ့ပွဲကို (၁၀)နှစ်အရွယ် သမီးကြီး အယ်လစ်ဇာ၊ (၇)နှစ်အရွယ် သားလေး ဂျန်ဆန်တို့နဲ့အတူ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီပွဲမှာ မန်ယူအသင်းက (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့သလို၊ ဂါနာချိုလည်း ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာကြောင့် သူတို့မိသားစုအတွက် ပျော်စရာပိုကောင်းခဲ့ပါတယ်။ လီယာစမစ်က သူ့ကလေးတွေအနေနဲ့ ဒီနေ့ရက်လေးကို အမြဲအမှတ်ရနေတော့မှာပဲလို့ ဆိုခဲ့ပါတယ်။ ဂါနာချိုနဲ့ အီဗာတို့ကလည်း လီယာစမစ်နဲ့ စိတ်လှုပ်ရှားစရာ ဒီဖြစ်ရပ်လေးကို လွယ်လွယ်မေ့နိုင်မယ်မထင်ပါဘူး။
dog.png