Eleven Media Group

လူတစ်ဦး ဓားထိုးခံရပြီး သေဆုံးမှုမှာ ဗဟန်းမြို့နယ် ဦးချစ်မောင်အိမ်ရာရှိ Family sushi japanese restaurant တွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ သေဆုံးသူမှာ ဦးချစ်မောင်လမ်းပေါ်ရှိ ဂျပန်စားသောက်ဆိုင်ဝန်ထမ်းဖြစ်

လူတစ်ဦး ဓားထိုးခံရပြီး သေဆုံးမှုမှာ ဗဟန်းမြို့နယ် ဦးချစ်မောင်အိမ်ရာရှိ ဂျပန်စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းမရှိဘဲ သေဆုံးသူမှာ ဦးချစ်မောင်လမ်းပေါ်ရှိ ဂျပန်စားသောက်ဆိုင်ဝန်ထမ်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုမှာ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ ဦးချစ်မောင်အိမ်ယာရှိ Family sushi japanese restaurant တွင်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အဆိုပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီဖြစ်စဉ်က ကျွန်မတို့ဆိုင်မှာဖြစ်သွားတာ မဟုတ်ဘူး။ ဒီဖြစ်စဉ် ရှိလည်းမရှိခဲ့ပါဘူး” ဟု အဆိုပါ Family sushi japanese restaurant မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ ဦးချစ်မောင်လမ်းပေါ်ရှိ Japanese paradise ဂျပန်ရိုးရာအစားအစာဆိုင်မှ ဝန်ထမ်း ကိုအောင်ဇော်ထက်ဆိုသူဖြစ်ကြောင်း Japanese paradise ဂျပန်ရိုးရာစားသောက်ဆိုင်က ထုတ်ပြန်ထားသည်။

လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး Japanese paradise ဂျပန်ရိုးရာ အစားအစာဆိုင်မှ ထုတ်ပြန်ထားရာတွင် မိမိတို့၏ဆိုင်ခွဲမှ ဝန်ထမ်းဖြစ်သူ ကိုအောင်ဇော်ထက်သေဆုံးမှုအတွက် မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းရကြောင်း၊ ဖြစ်စဉ်အမှန်မှာ သေဆုံးသူ အောင်ဇော်ထက်သည် အခြားဂျပန်စားသောက် ဆိုင်မှ ဝန်ထမ်းများနှင့် စကားများအခြေအတင်ဖြစ်ခဲ့ရာမှ အဆိုပါဝန်ထမ်းများသည် ဆိုင်ရှေ့သို့ လာရောက်ပြီး ခိုက်ရန် ဖြစ်ပွါး စကားများခဲ့ကြပြီး သေဆုံးသူအား ၎င်းတို့ယူဆောင်လာ သောလက်နက်ဖြင့် တိုက်ခိုက်ခဲ့ရာ ကိုအောင်ဇော်ထက် (ခ) အောင်ဇော် သည် အခင်းဖြစ်ရာ ဆိုင်ရှေ့ ပြင်ပ ပလက်ဖောင်းပေါ်တွင် လဲကျသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်တွင် အခြားဆိုင်မှပါဝင်ပတ်သက်သူ ခြောက်ဦးကိုလည်း သက်ဆိုင်ရာရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း Japanese paradise မှ ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group