
မန်စီးတီးကစားသမားအသစ် ခူဆာနော့ဗ်ရဲ့ ပွဲဦးထွက်က မလှပခဲ့ဘူး။ ချယ်လ်ဆီးနဲ့ပွဲမှာ ခူဆာနော့ဗ်က မန်စီးတီးအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တာပါ။ အဲဒီပွဲမှာ မန်စီးတီးအသင်းက ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရပေမဲ့ ခူဆာနော့ဗ်က ပထမပိုင်းအစပွဲချိန် (၅)မိနစ်အတွင်း အမှားကျူးလွန်လို့ ဂိုးပေးလိုက်ရတယ်။ အဝါကတ်လည်း ပြသခံခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အတွက် ဂွါဒီယိုလာ စိတ်ပျက်ဒေါသထွက်ခဲ့တယ်။ ဒါပေမဲ့ ခူ ဆာနော့ဗ်ကို ဘယ်လိုဆဲရမယ်မှန်း ဂွါဒီယိုလာ မသိခဲ့ဘူး။ ဂွါဒီယိုလာက "ခူဆာနော့ဗ်နဲ့ ပြောဆို ဆက်သွယ်ဖို့အတွက် ကျွန်တော် ရုရှားစကား ဒါမှမဟုတ်၊ ဥဇဘက်စကား သင်ဖို့လိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ သူက အင်္ဂလိပ်လိုမပြောတတ်ဘူးလေ"လို့ ညည်းတွားခဲ့ပါတယ်။
မန်စီးတီးနဲ့ ချယ်လ်ဆီးကစားတဲ့တစ်ရက်တည်းမှာပဲ ပရီးမီးယားလိဂ်ကို တခြားကမ္ဘာက ရောက်လာတဲ့ ကစားသမား ဝင်ကစားပြီး အစွမ်းပြခဲ့ပါတယ်။ အဲဒီသူကလည်း အင်္ဂလိပ်လို လုံးဝမပြောတတ်တဲ့ ဘာကီနာဖာဆိုကစားသမား အော်တာရာပါ။ သူက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဘုန်းမောက်အတွက် ဟက်ထရစ်သွင်းယူနိုင်ပြီး ကစားသမားဘဝအမှတ်ရ စရာအကောင်းဆုံးအခိုက်အတန့်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အော်တာရာအတွက် စကားပြန်လုပ်ပေးနေသူက ဘုန်းမောက်ကစားသမားဟောင်း မက်သယူး ဘူဒရီပါ။ သူက Native ပြင်သစ်စကားပြော အော်တာရာအတွက် စကားပြန်လုပ်ပေးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဘာသာစကားအခက်အခဲ ရင်ဆိုင်ရဖူးလို့ အော်တာရာကိုကိုယ်ချင်းစာခဲ့ပါတယ်။ အာဖရိကစားသမားအများစု ဖြတ်သန်းလာရတဲ့ အကယ်ဒမီစနစ်က အင်္ဂလန်နဲ့ အများကြီး ကွာခြားပါတယ်။ အကယ်ဒမီသင်တန်းဆရာတွေက ဒေသခံစကားဒါမှမဟုတ် ပြင်သစ်စကားနဲ့ပဲ သင်ကြားပြသတာပါ။ ဒီတော့ အာဖရိကနေ ပြင်သစ်လီဂူး၊ ပြင်သစ်လီဂူးကနေ ပရီးမီးယားလိဂ် ရောက်လာတဲ့ အာဖရိကစားသမားအများစုရဲ့ အင်္ဂလိပ်စာအရည်အသွေးက အတော်လေးညံ့ပါတယ်။ တရုတ်ပြည်ကို အာဖရိကသားတစ်ဦးရောက်သွားသလိုမျိုးပေါ့။
အင်္ဂလန်နိုင်ငံ၊ West Midlands အခြေစိုက် အင်္ဂလိပ်စာဆရာမ ကလော်ဒီယာမက်ဒီလေးက ဘောလုံးသမားတွေကို အင်္ဂလိပ်စာသင်ပေးနေတာ (၁၅)နှစ်နီးပါးရှိနေပါပြီ။ သူ သင်ပေးရသူတွေထဲ ဘရာဇီးလ်သားတွေလည်း ပါတယ်။ ဝုလ်ဗ်အသင်း က ကူညာဆိုရင် သူ့တပည့်တွေထဲ အထက်မြက်ဆုံးပါပဲ။ စာတွေ့လေ့ကျင့်ခန်းအစီအစဉ်တွေ ကောင်းကောင်းမလုပ်ပေမဲ့ ကူညာရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်က အတော်လေးထူးချွန်ပါတယ်။ အင်တာဗျူးတွေလည်း ကောင်းကောင်း ပြန်ဖြေနိုင်ပါတယ်။ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်း လယ်လူ ဂျော်အိုဂိုးမက်စ်ကလည်း ကလော်ဒီယာမက်ဒီလေးရဲ့ တပည့်ပါ။ သူက ကလေးရသွားပြီးနောက် အလုပ်ပိုရှုပ်လာလို့ အင်္ဂလိပ်စာသင်တန်း ဆက်မတက်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ဂျော်အိုဂိုးမက်စ်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကလည်း အတော်လေး ကောင်းမွန်နေပါပြီ။ ပတ်ဒရိုလီမာနဲ့ အန်ဒရီတို့ရဲ့ သင်ကြားမှုအစီအစဉ်ကတော့ အတော် လေးကြာဦးမယ့်အနေအထားပါ။ အန်ဒရီဆိုရင် ကူညာနဲ့ ဂျော်အိုဂိုးမက်စ်တို့ အင်္ဂလိပ်လိုပြောရင် ဘေးနားကနေ မျက်လုံးလေးကလယ်ကလယ်ဖြစ် နေတတ်တယ်။
အာဆင်နယ်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ဖူးတယ်။ Communicat Well လို့အမည်ရတဲ့ ဘာသာစကားသင်ကြားရေးကုမ္ပဏီမှာ ဖာဘရီဂတ်စ် အင်္ဂလိပ်စာလေ့လာခဲ့တာပါ။ ဖာဘရီဂတ်စ်က မာစတာတန်းအထိ တက်ရောက်ချင်ခဲ့သူပါ။ သူ့ကိုယ် သူ အပြင်းအထန်မောင်းနှင်ပြီး အင်္ဂလိပ်စကား ပြောထူးချွန်အောင် ပြင်ဆင်ခဲ့ပြီး အသင်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းတည်ထောင်နိုင်ခဲ့တယ်။ ဘာသာစကားအတားအဆီးမရှိလို့ အသင်းဖော်တွေနဲ့ နားလည်မှုအားကောင်းမွန်လာပြီး ပရီးမီးယားလိဂ်ရဲ့ မမေ့နိုင်စရာကွင်းလယ်လူအဖြစ် ဖာဘရီဂတ်စ် ထည်ဝါခဲ့တာပါပဲ။ အာဆင်နယ်အသင်းခံစစ် က စားသမား ကာလာဖီအိုရီက ပရီးမီးယားလိဂ် မရောက်ခင်ကတည်းက အင်္ဂလိပ်စာစွမ်းရည်တိုးတက်အောင် ပြင်ဆင်ခဲ့တယ်။ သူက UK Drill နဲ့ Netflix ကြည့်ပြီး အင်္ဂလိပ်စကားကို ကိုယ်တိုင်လေ့လာခဲ့တာပါ။ ပြီးတော့ ဒူးဒဏ်ရာကြောင့်အနားယူနေရချိန်မှာ အင်္ဂလိပ်စာလေ့လာမှု အဆက်မပြတ်လုပ်ခဲ့ပါတယ်။
တကယ်တမ်းပြောရရင် အင်္ဂလိပ်စကားက ဥရောပလိဂ်ပြိုင်ပွဲအားလုံးအတွက် အဓိကဘာသာစကားမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်နဲ့ အင်္ဂလိပ်လိဂ်ပြိုင်ပွဲတွေလောက်မှာသာ အရေးကြီးနေတာပါ။ ဒါပေမဲ့ ဘာသာစကားများများတက်ကျွမ်းထားတာက ဘောလုံးသမားတစ်ဦးအတွက် အတော်လေး အရေးပါတယ်။ တစ်ခါတလေတော့လည်း နည်းပြ တစ်ဦးက အင်္ဂလိပ်မျိုးရိုးမဟုတ်ပေမယ့် လေ့ကျင့်ခန်း အစီအစဉ်လုပ်တဲ့အခါ အင်္ဂလိပ်စကားသုံးပြီး ပြောလေ့ရှိတယ်။ လိုက်ပ်ဇစ်အသင်းနည်းပြဟောင်း တယ်ဒက်စကိုက ဘာသာစကား (၆)မျိုး ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး သူ့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အင်္ဂလိပ်လို ပြောလေ့ရှိပါတယ်။ ဘာသာစကားအခက်အခဲကို ဘက်ခမ်၊ ဂါရတ်ဘေးလ်တို့လို ဂန္ထဝင်ကစားသမားတွေလည်း ခံစားရပါတယ်။ ရီးယဲလ်ကို ရောက်သွားချိန်မှာ သူတို့နှစ်ဦး ဘာသာစ ကားအခက်အခဲရင်ဆိုင်ခဲ့ရတာပါပဲ။ ဘက်ခမ်ရဲ့ အင်္ဂလိပ်စကားပြောက ဝဲပြီးမနည်းနားထောင်ရသလို၊ စပိန်စကားပြောကလည်း သဒ္ဒါနည်းလမ်း မကျခဲ့တာပါ။ ဂါရတ်ဘေးလ်ကတော့ ပိုဆိုးပြီး သူ့ ရဲ့ကစားသမားဘဝပါ မှေးမှိန်သွားခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ရောက် ဟာရီကိန်းလည်း ဂျာမန်စကား မပြောတတ်သေးဘူး။ အခုအချိန်အထိ Neim(NO) တစ်လုံးပဲ လည်လည်ဝယ်ဝယ်ပြောတတ်ပါတယ်။ ပရီးမီးယားလိဂ်မှာ သွင်းဂိုးတွေ၊ အောင်မြင်မှုတွေရယူဖူးတဲ့ တီဗက်ဇ်ဆိုရင် အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်ခဲ့ဘူး။ တီဗက်ဇ်က အင်္ဂလိပ်စကားပြောစွမ်းရည်ညံ့ပေမဲ့ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်က မညံ့ခဲ့သလို၊ ဟာရီကိန်းလည်း ဂျာမန် စကားမပြောတတ်ပေမဲ့ ဂိုးတွေတဒိုင်းဒိုင်းသွင်းယူနေဆဲပါ။
ဒေသခံဘာသာစကားကို သင်ယူတာဟာ ကစားသမားတစ်ဦးကို ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးစေပါတယ်။ စမောလင်းက ရိုးမားအသင်းကိုရောက်တော့ အီတလီစကား သင်ယူခဲ့ပါတယ်။ အဲဒီလိုသင်ယူလိုက်လို့ အသင်းဖော်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်လာသလို၊ ပရိသတ်တွေနဲ့လည်း ပိုပြီး နီးကပ်လာတယ်။ စမောလင်းရဲ့ ရိုးမားကစားသမားဘဝပထမဆုံး အီတလီစကားပြော အင်တာဗျူးအစီအစဉ်မှာ ပြောဆိုပုံမကောင်းမွန်ပေမဲ့ ရိုးမားအသင်းပရိသတ်တွေ နားလည်ခွင့်လွှတ်ပေးခဲ့တယ်။ ရိုးမားအသင်းပရိသတ်တွေစိတ်ထဲမှာလည်း အီတလီဘာသာစကားနဲ့ ယဉ်ကျေးမှုကို တလေးတစားသင်ယူနေပါလားဆိုပြီး မြင်စေပါတယ်။ တချို့ကစားသမားတွေကလည်း သိပ်ပြီး စိတ်အားထက်သန်လွန်းပါတယ်။ နယူးကာဆယ်ကွင်းလယ်လူ ဘရူနိုဂီမာရေ့စ်က ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်း အင်္ဂလိပ်စကားကို မွတ်နေအောင်ပြောချင်ခဲ့တယ်။ ပရီးမီးယားလိဂ်ရောက် ပြည်ပကစား သမားတစ်ဦးဆိုရင် The Davinci Code ကို အင်္ဂလိပ်လို ဖတ်တတ်ချင်တဲ့အထိ စိတ်အားထက်သန်လွန်းနေခဲ့တယ်။ အာဆင်နယ်အသင်း ဂိုးသမားဟောင်း မာတီနက်ဇ်ကို အင်္ဂလိပ်စကား မွတ်နေအောင်ပြောတတ်ရင် အပိုဆုကြေး ပေါင် (၂)သောင်း ပေးမယ်ဆိုပြီး စာချုပ်ထဲထပ်ချုပ်ဖူးပါတယ်။ ရိုးမားမှာတုန်းက အီတလီစကား အမြန်ဆုံး ပြောတတ်အောင် သင်ခဲ့တဲ့ စမောလင်းက ဆော်ဒီပရိုလိဂ် ရောက်သွားချိန်မှာ အာရပ်ဘာသာစကားတော့ မသင်ချင်ဘူးလို့ ရယ်စရာပြောခဲ့ပါတယ်။
တစ်ခါတလေတော့လည်း ကိုယ်က အင်္ဂလိပ်စကားပြောကျွမ်းကျင်ပေမဲ့ အသင်းဖော်တွေ မပြောတတ်ရင်အဆင်မပြေပြန်ဘူး။ ပရီးမီးယားလိဂ်ဂန္ထဝင်ဂိုးသမား ပီတာချက်ကြုံဖူးတဲ့အဖြစ်က ရယ်ချင်စရာပါ။ အာဆင်နယ်အသင်းမှာ ကစားစဉ်က ပီတာချက်ရဲ့ ခံစစ်အသင်းဖော်တွေက စပိန်သား ဘယ်လာရင်နဲ့ မွန်ရီယဲလ်၊ ဂျာမန်သား မာတီဆက်ကာတို့ပါ။ မာတီဆက်ကာက အင်္ဂလိပ်စကားပြောကျွမ်းကျင်ပေမဲ့ ဘယ်လာရင်နဲ့ မွန်ရီယဲလ်က သိပ်မရဘူး။ ဒါကြောင့်ပဲ အာဆင်နယ်အသင်းမှာ ပီတာချက်နာမည်ပျက်ခဲ့တာလား မပြောတတ်ပါဘူး။