Eleven Media Group

ပထမဆုံး ONE ၀ိတ်တန်းနှစ်ခုချန်ပီယံဟောင်း မာတင်ငုယင်နှင့် ဘန်တမ်ဝိတ်တန်းချန်ပီယံဟောင်း ဖာနန်ဒက်စ် ကစားသမားဘဝမှ အနားယူ

Photo: ONE

ONE Championship ပြိုင်ပွဲ၏ ပထမဆုံး ၀ိတ်တန်းနှစ်ခုချန်ပီယံဟောင်း မာတင်ငုယင်နှင့် ဘန်တမ်ဝိတ်တန်းချန်ပီယံဟောင်း ဘီဘီယာနိုဖာနန်ဒက်စ်တို့ ONE 171 ပြိုင်ပွဲ အပြီးတွင် ကစားသမားဘဝမှ အနားယူခဲ့ကြောင်း သိရသည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သူ (မတ် ၅ ရက် တွင် ၃၆ နှစ်ပြည့်မည်) သြစတြေးလျ-ဗီယက်နမ်နွယ်ဖွားကစားသမား မာတင်ငုယင်သည် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ONE 171 ပြိုင်ပွဲတွင် ရုရှားကစားသမား ဂါဆာနော့ဗ်ကို ရှုံးနိမ့်ပြီးနောက် အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၂၀၁၄ ခုနှစ်တွင် ONE Championship နှင့် စတင် လက်တွဲခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်တွင် ဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ်နှင့် နိုဝင်ဘာတွင် လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်ရရှိကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးဝိတ်တန်း နှစ်ခုချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မာတင်ငုယင်သည် ၀ိတ်တန်းသုံးခုချန်ပီယံ ဖြစ်လာရန် ၂၀၁၈ ခုနှစ် မတ်လတွင် ဘန်တမ်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခဲ့သော်လည်း ဘီဘီယာနိုဖာနန်ဒက်စ် ကို ရှုံးနိမ့်သဖြင့် လက်လျှော့ခဲ့ရသည်။ ၎င်းသည် ဖယ်သာဝိတ်တန်းချန်ပီယံ ခါးပတ်ကို သုံးကြိမ်ကာကွယ်နိုင်ခဲ့ပြီး လိုက်ဝိတ်တန်းချန်ပီယံခါးပတ်ကိုမူ ဒဏ်ရာပြဿနာကြောင့် တစ်ကြိမ်မှ ကာကွယ်ပွဲထိုးသတ်ခွင့်မရဘဲ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ပြန်လည်စွန့်လွှတ်ခဲ့ရသည်။

မာတင်ငုယင်သည် အမေရိကန်နိုင်ငံရှိ Kill Cliff FC ၌ သွားရောက်လေ့ကျင့်စဉ် မြန်မာကစားသမား အောင်လအန်ဆန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့ပြီး ၎င်းထိုးသတ်သည့်ပွဲစဉ်အချို့တွင် အောင်လအန်ဆန်က အကူလူအဖြစ်လိုက်ပါ ဆောင်ရွက်ပေးခဲ့ဖူးသည်။

အသက် ၄၄ နှစ်ရှိပြီသူ (မတ် ၃၀ ရက် တွင် ၄၅ နှစ်ပြည့်မည်) ဘရာဇီးကစားသမား ဘီဘီယာနိုဖာနန်ဒက်စ်မှာလည်း ONE 171 ပြိုင်ပွဲတွင် ဖိလစ်ပိုင်ကစားသမား ကယ်ဗင်ဘယ်လင်ဂွန်ကို အမှတ်ဖြင့် အနိုင်ရပြီးနောက် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ဖာနန်ဒက်စ်သည် ဘန်တမ်ဝိတ် တန်းချန်ပီယံခါးပတ်ကို နှစ်ကြိမ်ရရှိဖူးပြီး ပထမအကြိမ်တွင် ချန်ပီယံကာကွယ်ပွဲ ခုနစ်ကြိမ်နှင့် ဒုတိယအကြိမ်တွင် ချန်ပီယံကာကွယ်ပွဲ တစ်ကြိမ် အနိုင်ရခဲ့ဖူးသည်။

အနားယူခဲ့သူနှစ်ဦးအနက် မာတင်ငုယင်က ၂၃ ပွဲထိုးသတ်ရာ ၁၅ ပွဲနိုင်၊ ရှစ်ပွဲ ရှုံးနိမ့်ပြီး ဖာနန်ဒက်စ်က ပွဲ ၃၀ ထိုးသတ်ရာ ၂၄ ပွဲနိုင်၊ ခြောက်ပွဲရှုံးနိမ့်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group