
ဧပြီနှင့် မေလအတွင်းကျင်းပမည့် UFC 314 နှင့် 315 ပြိုင်ပွဲအတွက် ခေါင်တွဲဆိုင်းများကို ထုတ်ပြန်ခဲ့ပြီး ချန်ပီယံစိန်ခေါ်ပွဲသုံးပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
UFC 314 ပြိုင်ပွဲကို ဧပြီ ၁၂ ရက်တွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ရှိ Kaseya Center ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း ၁၁ ပွဲ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းပြိုင်ပွဲတွင် ခေါင်တွဲဆိုင်းအဖြစ် လစ်လပ်နေသည့် ဖယ်သာ ၀ိတ်တန်းချန်ပီယံခါးပတ်အတွက် ချန်ပီယံဟောင်းဖြစ်သူ သြစတြေးလျကစားသမား အလက်ဇန္ဒားဗော်လ်ကာနော့ဗ်စကီးနှင့် ဘရာဇီးကစားသမား ဒီယေဂိုလိုပက်စ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ဗော်လ်ကာနော့ဗ်စကီး (၃၆ နှစ်) မှာ ဖယ်သာဝိတ်တန်းချန်ပီယံခါးပတ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၄ ခုနှစ်အထိ ဖေဖော်ဝါရီအထိ ကာလရှည်ပိုင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး ချန်ပီယံကာကွယ်ပွဲငါးပွဲ အနိုင်ရခဲ့သည်။ ၎င်းအား အနိုင်ရခဲ့သည့် စပိန်ကစားသမား တိုပူရီယာမှာ လိုက်ဝိတ်တန်းသို့ တက်ရောက်ထိုးသတ်မည်ဖြစ်သောကြောင့် ချန်ပီယံခါးပတ် လစ်လပ်သွားခြင်းဖြစ်သည်။
ဒုခေါင်တွဲဆိုင်းဖြစ်သည့် မိုက်ကယ်ချန်ဒလာ (အမေရိကန်) နှင့် ပက်ဒီပင်ဘလက် (အင်္ဂလန်) တို့ ပွဲမှာမူ ချန်ပီယံစိန်ခေါ်ပွဲမဟုတ်သော်လည်း ငါးချီထိုးသတ်ရမည်ဖြစ်သည်။ UFC 315 ပြိုင်ပွဲကို မေ ၁၀ ရက်တွင် ကနေဒါနိုင်ငံ၊ မွန်ထရီယဲလ်မြို့ရှိ Bell Center ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းငါးပွဲသာ ထုတ်ပြန်ထားသေးသည်။
ယင်းပြိုင်ပွဲတွင် ခေါင်တွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ်တန်းချန်ပီယံ ဘီလားလ်မူဟာမက် (အမေရိကန်) နှင့် ဂျက်ဒယ်လာမက်ဒယ်လီနာ (သြစတြေး လျ)၊ ဒုခေါင်းတွဲဆိုင်းအဖြစ် အမျိုးသမီးဖလိုင်း ၀ိတ်တန်းချန်ပီယံ ဗလန်တီနာရှက်ဗ်ချန်ကို (ကာဂျစ္စတန်-ပီရူး) နှင့် မန်နွန်ဖီယိုဟို (ပြင်သစ်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။