Eleven Media Group

အစ်တီဟတ်မှာ လီဗာပူးလ် အနိုင်မရတာ ဘယ်လောက်ကြာပြီလဲ

Photo: AFP

လွန်ခဲ့တဲ့ (၅)နှစ် ၂၀၁၈ ခုနှစ်တုန်းက အစ်တီဟတ်ကွင်းမှာ မန်စီးတီးကို လီဗာပူးလ် အနိုင်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲမှာ လီဗာပူးလ် အနိုင်မရခဲ့ပါဘူး။ အချိန်ကာလအားဖြင့် (၅)နှစ်၊ ပွဲစဉ်အားဖြင့် (၇)ပွဲမှာ အစ်တီဟတ်ကွင်းက လီဗာပူးလ်အတွက် ရလဒ်ဆိုးတွေနဲ့သာ ကြိုဆိုဧည့်ခံလေ့ရှိတဲ့ကွင်း ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ မေးခွန်းကို နောက်တစ်ဆင့်မြှင့်ပြီး အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူးလ် အနိုင်မရတာ ဘယ်လောက်ကြာပြီလဲလို့ ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ ၂၀၁၅ နောက်ပိုင်း အနိုင်မရသေးဘူးလို့ ဆိုရမှာပါ။ ၂၀၁၈ မှာ အနိုင်ရခဲ့တာက ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပါတယ်။ အစ်တီဟတ်မှာ လီဗာပူးလ်အသင်း နောက်ဆုံးအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲက ၂၀၁၅ ဒီဇင်ဘာတုန်းက (၄-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲပါ။ ဒါဟာ နည်းပြဟောင်း ယာဂန်ကလော့ပ်လက်ထက် အစ်တီဟတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲမှာ တစ်ပွဲတည်းသော အနိုင်ရရှိမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်မှာ မန်စီးတီးကို လီဗာပူးလ်အသင်း တစ်ပွဲသာ အနိုင်ရခဲ့တယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။

လွန်ခဲ့တဲ့ (၅)နှစ် ၂၀၁၈ ခုနှစ်တုန်းက အစ်တီဟတ်ကွင်းမှာ မန်စီးတီးကို လီဗာပူးလ် အနိုင်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲမှာ လီဗာပူးလ် အနိုင်မရခဲ့ပါဘူး။ အချိန်ကာလအားဖြင့် (၅)နှစ်၊ ပွဲစဉ်အားဖြင့် (၇)ပွဲမှာ အစ်တီဟတ်ကွင်းက လီဗာပူးလ်အတွက် ရလဒ်ဆိုးတွေနဲ့သာ ကြိုဆိုဧည့်ခံလေ့ရှိတဲ့ကွင်း ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ မေးခွန်းကို နောက်တစ်ဆင့်မြှင့်ပြီး အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူးလ် အနိုင်မရတာ ဘယ်လောက်ကြာပြီလဲလို့ ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ ၂၀၁၅ နောက်ပိုင်း အနိုင်မရသေးဘူးလို့ ဆိုရမှာပါ။ ၂၀၁၈ မှာ အနိုင်ရခဲ့တာက ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပါတယ်။ အစ်တီဟတ်မှာ လီဗာပူးလ်အသင်း နောက်ဆုံးအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲက ၂၀၁၅ ဒီဇင်ဘာတုန်းက (၄-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲပါ။ ဒါဟာ နည်းပြဟောင်း ယာဂန်ကလော့ပ်လက်ထက် အစ်တီဟတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲမှာ တစ်ပွဲတည်းသော အနိုင်ရရှိမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်မှာ မန်စီးတီးကို လီဗာပူးလ်အသင်း တစ်ပွဲသာ အနိုင်ရခဲ့တယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ကျန်တဲ့(၈)ပွဲမှာတော့ (၄)ပွဲသရေ၊ (၄)ပွဲရှုံးခဲ့တာပါ။ ဒီနေ့မှာတော့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ အစ်တီဟတ် ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရတော့မှာပါ။ ဒီတစ်ခါတော့ အာနယ်ဆလော့ အလှည့်ပါ။ အာနယ်ဆလော့က လီဗာပူးလ်အသင်းရဲ့ အစ်တီဟတ်အစဉ်အလာကို ပြောင်းလဲပေးနိုင်မလားဆိုတာက ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ချင်စရာအကောင်းဆုံး အကြောင်းအရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

စံချိန်သစ်များစွာ


အာနယ်ဆလော့က လီဗာပူးလ်ပရိသတ်အချို့ရဲ့ မယုံမရဲသံသယမျက်ဝန်းတွေအောက်မှာပဲ စံချိန်သစ်များစွာကို သိမ်းပိုက်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ နာမည်ကျော်နည်းပြ ယာဂန်ကလော့ပ်နဲ့ လမ်းခွဲပြီး အာနယ်ဆလော့ကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ အာနယ်ဆလော့က နယ်သာလန်မြေမှာ ဖီယင်နုအသင်းနဲ့အတူ ကျော်ကြားလာတဲ့ အသက်(၄၆)နှစ်အရွယ် လူငယ်နည်းပြတစ်ယောက်ပါ။ အရည်အသွေးမြင့်တဲ့ ဒတ်ချ်နည်းပြတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေမဲ့ ယာဂန်ကလော့ပ်လောက်တော့ စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ လီဗာပူးလ်ပရိသတ်တချို့က ယူဆခဲ့ကြပါတယ်။ ဒါကို အပြစ်ဆိုစရာလည်း မရှိပါဘူး။ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင် ပုံဖော်တည်ဆောက်ပေးနိုင်ခဲ့တာကြောင့်ပါ။ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့်ပါ။ တကယ်တော့ မန်စီးတီးအသင်း အင်အားကြီးထွားနေချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာက အရင်ခေတ်တွေထက် ပိုခေတ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ မတူညီတဲ့ ခေတ်အခြေအနေ၊ မတူညီတဲ့ အားပြိုင်မှုတွေကို နှိုင်းယှဉ်သုံးသပ်တာက သဘာဝမကျနိုင်ပေမဲ့ မန်စီးတီးလိုအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုရယူဖို့ မလွယ်ကူတာတော့ အမှန်ပါပဲ။ ဒါကို ယာဂန်ကလော့ပ်က လုပ်ပြနိုင်ခဲ့တာပါ။ ဒါကြောင့် လီဗာပူးလ်ပရိသတ်တွေအတွက် ယာဂန်ကလော့ပ်ဟာ ထပ်မရနိုင်တော့တဲ့ အကောင်းဆုံးနည်းပြတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူ့လောက်နီးနီး အစွမ်းအစရှိတဲ့နည်းပြ ပိုင်ဆိုင်ခွင့်ရရင်ပဲ ကျေနပ်ရ မယ်လို့ လီဗာပူးလ်ပရိသတ်တချို့က ယူဆခဲ့ကြပါတယ်။ ကျွမ်းကျင်သူအများစုကလည်း နည်းပြအပြောင်းအလဲကြောင့် လီဗာပူးလ်အသင်း အားလျော့သွားမယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ လက်တွေ့မှာတော့ အာနယ်ဆလော့က ယာဂန်ကလော့ပ်ထက် လက်စောင်းထက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါက ပွဲဦးထွက်ရာသီ စွမ်းဆောင်မှုအပေါ် မူတည်ပြီးသာ ပြောဆိုခြင်းဖြစ်ပါတယ်။ အခုအထိ ဘာဆုဖလားမှ ရယူပေးနိုင်ခြင်းမရှိသေးတာကြောင့် ဆုဖလားများစွာ ရယူပေးနိုင်ခဲ့တဲ့ ယာဂန်ကလော့ပ်နဲ့ နှိုင်းယှဉ်ပြောမယ်ဆိုရင် မယဉ်ကျေးရာ ကျနိုင်ပါတယ်။ ဒါပေမဲ့ အာနယ်ဆလော့က ယာဂန်ကလော့ပ် မရယူနိုင်ခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းကောင်းများစွာကို ရယူနိုင်ခဲ့တာကတော့ အမှန်တရားပါပဲ။ နောက်ဆုံးရယူထားတဲ့ စံချိန်မှတ်တမ်းတစ်ခုနဲ့ပဲ အလွယ်တကူ သာဓကပြနိုင်ပါတယ်။ ပွဲဦးထွက်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ အမှတ်(၆၀)ရယူနိုင်တဲ့ လီဗာပူးလ်နည်းပြဆိုတာ အာနယ်ဆလော့မတိုင်ခင်မှာ မရှိခဲ့ဖူးပါဘူး။ တခြားအသင်းတွေမှာလည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နှစ်ယောက်ပဲ ရှိခဲ့ဖူးပါတယ်။ ချယ်လ်ဆီးနည်းပြဘဝ ပွဲဦးထွက်ရာသီမှာ (၆၄)မှတ် ရယူနိုင်ခဲ့ဖူးတဲ့ မော်ရင်ဟိုနဲ့ ချယ်လ်ဆီး နည်းပြအဖြစ်ပဲ အမှတ်(၆၀) ရယူနိုင်ခဲ့ဖူးတဲ့ ကွန်တီတို့ပါ။ အာနယ်ဆလော့က လီဗာပူးလ်နည်းပြတွေထဲမှာ ပထမဆုံးအဖြစ် စွမ်းဆောင်ပြခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြေးမလွတ်တော့ဘူးလို့လည်း ထင်ကြေးပေးခံနေရပါပြီ။ မော်ရင်ဟို နဲ့ ကွန်တီတို့က ရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့်လည်း အခုလို ထင်ကြေးပေးကြတာပါ။ ဒီရာသီမှာ မန်စီးတီးအသင်း ချန်ပီယံပြေးလမ်းပေါ်က ခြေချော်ကျသွားခဲ့တာကလည်း လီဗာပူးလ်အသင်းကို ချန်ပီယံဆုဆီ တွန်းပို့လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် အစ်တီဟတ်ကွင်းမှာ လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ချန်ပီယံဆုအတွက် အနှောင့်အယှက်ပေးဖို့ လည်း ကြိုးစားလာမှာ သေချာပါတယ်။

ဖလားသုံးလုံး

အာနယ်ဆလော့က လီဗာပူးလ်အသင်းကို ပွဲဦးထွက်ရာသီမှာ ဖလားလေးလုံးမျှော်လင့်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ FA ဖလားကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ လိဂ်ချန်ပီယံရှစ်ကလပ် ပလိုင်းမောက် အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ အဲဒီပွဲမှာ လီဗာပူးလ်အ သင်းက လူငယ်ကစားသမားအများစုကို ထုတ်သုံးခဲ့တာကြောင့် FA ဖလားကို အလေးမထားတာလား၊ ဖလားလေးလုံးအောင်ပွဲကို မမျှော်မှန်းတာလားလို့ မေးခွန်းထုတ်ချင်စရာလည်း ဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လီဗာပူးလ်အသင်းက ဖလားလေးလုံး အောင်ပွဲကနေ ဖလားသုံးလုံးအောင်ပွဲကိုသာ မျှော်လင့်ရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ လိဂ်ဖလားမှာ ဗိုလ်လုပွဲရောက်နေပြီး လာမယ့်လ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ပရီးမီးယားလိဂ်မှာက အမှတ်ပေးဇယားထိပ်ဆုံးမှာ (၁၁)ပတ်ဆက် ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် အပြတ်အသတ် ရေပန်းစားနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရှုံးထွက်(၁၆)သင်းအဆင့် ရောက်ရှိနေပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။ လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်က မန်စီးတီးအသင်းရဲ့ အစ်တီဟတ်ကွင်းမှာ ရလဒ်မကောင်းခဲ့သလို၊ ဖလားသုံးလုံးအောင်ပွဲကိုလည်း ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ယာဂန်ကလော့ပ်က ဖလားလေးလုံးအိပ်မက်ကို အကြိမ်ကြိမ်မြင်မက်ခွင့်ရရှိခဲ့ပေမဲ့ လက်တွေ့ဖြစ်မြောက်အောင်တော့ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အာနယ်ဆလော့လက်ထက်မှာလည်း ဖလားလေးလုံးအိပ်မက်က တဖြည်းဖြည်းအရည်ပျော်သွားလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။ လက်တွေ့မှာလည်း FA ဖလား မျှော်လင့်ချက်က အငွေ့ပျံ ပျောက်ဆုံးသွားခဲ့ပါပြီ။ ကျန်နေတဲ့ ဖလားသုံးလုံးထဲကရော ဘာတွေ ထပ်ပြီးဆုံးရှုုံးရဦးမလဲ။ ဖြစ်နိုင်ခြေအရတော့ ဗိုလ်လုပွဲအဆင့် ရောက်ရှိနေပြီဖြစ်တဲ့ လိဂ်ဖလားက ဆွတ်ခူးနိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဖြစ်နိုင်ခြေအများဆုံးပါပဲ။ ပထမဆုံးအဖြေထွက်မယ့် အောင်ပွဲလည်း ဖြစ်နေပါတယ်။ ချန်ပီယံလိဂ်ကတော့ ရှုံးထွက် (၁၆) သင်းအဆင့်မှာတောင် ဘယ်အသင်းနဲ့ ဆုံတွေ့ရမလဲမသိတာကြောင့် အလှမ်းအဝေးဆုံးလို့ ဆိုနိုင်ပါတယ်။ ပရီးမီးယားလိဂ်က ဒုတိယအလား အလာအကောင်းဆုံးလို့ ဆိုရမှာဖြစ်ပေမဲ့ တချို့ကတော့ ပြိုင်ဘက်တွေရဲ့ စိန်ခေါ်နိုင်စွမ်းနဲ့ အစဉ်အလာဟောင်းတွေအရ ပရီးမီးယားလိဂ်ချန်ပီယံဆုက ပိုသေချာတယ်လို့တောင် သုံးသပ်ကြပါတယ်။ အာနယ်ဆလော့ကလည်း ပရီးမီးယားလိဂ်ကို ပိုပြီး ပစ်မှတ်ထားနေတယ်လို့ ယူဆရပါတယ်။ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် ယှဉ်ပြိုင်ခဲ့တဲ့ စုစုပေါင်း (၃၂)ရာသီမှာ ချန်ပီယံဆုကို တစ်ကြိမ်သာ ရယူခဲ့နိုင်တာကြောင့် လီဗာပူးလ်အသင်းကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချန်ပီယံလိဂ်ဖလားထက် ပိုပြီးတန်ဖိုးထားနိုင်ပါတယ်။ ဖလားသုံးလုံး အောင်ပွဲ ရယူနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန် ဖြစ်မှာသေချာပါ။ ဒါပေမဲ့ အားလုံးက တစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင်တော့ လီဗာပူးလ်ပရိသတ် အများစုကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရွေးချယ်ဖို့ အလားအလာများပါတယ်။ လက်ရှိအချိန်အထိ ခရီးစဉ်သုံးပုံနှစ်ပုံဝန်းကျင်ကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပြီးဖြစ်တာကြောင့် ပန်းဝင်ချိန်မှာ အမှားအယွင်းအနည်းဆုံးဖြစ်အောင် အာနယ်ဆလော့ အားစိုက်မှာလည်း သေချာပါတယ်။ ဒီအတွက် အက်စတွန်ဗီလာ၊ မန်စီးတီး၊ နယူးကာဆယ် တို့နဲ့ ဆက်တိုက်ယှဉ်ပြိုင်ရမယ့် လတ်တလောအခိုက်အတန့်က အရေးကြီးသလို၊ ရာသီအဆုံးသတ်ခါနီးမှာ စပါး၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက် တိုက်ရင်ဆိုင်ရမယ့် အခိုက်အတန့်ကလည်း အရေးကြီးပါတယ်။ ဒီအတွက် လောလောဆယ်မှာတော့ အနိုင်မရတာကြာပြီဖြစ်တဲ့ အစ်တီဟတ်ကွင်းမှာ အမှတ်မလျော့အောင် ကြိုးစားရမှာပါ။ အင်္ဂလန်မြေ ပွဲဦးထွက်မှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နေတဲ့ အာနယ်ဆလော့အနေနဲ့ လီဗာပူးလ်အသင်းရဲ့ အစ်တီဟတ်အစဉ်အလာဆိုးကို ချိုးဖျက်ပစ်နိုင်မလား ဆိုတာကိုတော့ . . . ။

မူရင်းသတင်း — Eleven Media Group