
လီတစ်ဆီယာဆိုတာက ဆောက်သမ်တန်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်ပါ။ ဆောက်သမ်တန် အသင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဂိုး(၁၀၀)ပြည့် သွင်းယူနိုင်တဲ့ ပထမဆုံးကွင်းလယ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
PFA ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုလည်း ရရှိဖူးတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တာကြောင့် ဆောက်သမ်တန် ပရိသတ်တွေ ဂုဏ်ယူစွာချစ်ခင်ရသူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု သူ့ရဲ့ချွေးမကို ဆောက်သမ်တန်ပရိသတ်တချို့က တော်တော်လေးမုန်းတီးနေကြတာပါ။
အကြောင်းကတော့ အဲလက်စ်လို့အမည်ရတဲ့ အဲဒီချွေးမက Only Fans မော်ဒယ်တစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့် ဆောက်သမ်တန်အသင်းရဲ့ပွဲတွေကို အဲလက်စ် သွားကြည့်တဲ့ အခါ ယောကျ်ားလေးပရိသတ်တွေက ငါတို့ရဲ့ ဂန္ထဝင်ကစားသမားကို နာမည်ဖျက်နေတဲ့မိန်းမလို့ အော်ဟစ်ရှုတ်ချတတ်ကြတယ်လို့ အဲလက်စ်က ဆိုပါတယ်။
အဲလက်စ်က လီတစ်ဆီယာရဲ့သား မစ်ချ်လီတစ်ဆီယာရဲ့ ဇနီးပါ။ အိမ်ထောင်သက်(၁၀)နှစ်ဝန်းကျင်ကာလအတွင်း ရင်သွေး (၄) ယောက်လည်း ပိုင်ဆိုင်ထားပါတယ်။ အဲလက်စ်က Only Fans မော်ဒယ်တစ်ယောက်ဖြစ်လာရတာက တစ်လဝင်ငွေ ပေါင် (၅၀၀၀) ရရှိမယ့် အခွင့်အရေးကို မငြင်းပယ်နိုင်တာကြောင့်လို့ ဖြေရှင်းချက်ပေးခဲ့ဖူးပါတယ်။ အခုတော့ သူက တစ်လဝင်ငွေ ပေါင်(၂၀၀၀၀)လောက် ရရှိနေပါပြီ။
ဒါကြောင့် အဲလက်စ်က မိသားစုထဲမှာ သိုးမည်းဖြစ်ရတာ တစ်ခါတလေတော့ ပျော်စရာကောင်းပါတယ်လို့ ဟာသလုပ်တာပါ။ Only Fans မှာ သူ့ရဲ့ ဝတ်ပြီးသားအတွင်းခံကိုတောင် ဝယ်ယူအားပေးတဲ့ အမာခံပရိသတ်တွေကို ပိုင်ဆိုင်ထားပေမဲ့ ဆောက်သမ်တန်ပရိသတ် အထူးသဖြင့် မတ်လီတစ်ဆီယာရဲ့ ပရိသတ်တွေကတော့ အသင်းကို သိက္ခာချနေတဲ့မိန်းမ၊ ဂန္ထဝင်ကစားသမားကို နာမည်ဖျက်နေတဲ့မိန်းမလို့သာ သတ်မှတ်ထားကြပါတယ်။
အဲလက်စ် နာမည်ရသထက်ရပြီး ဝင်ငွေကောင်းသထက်ကောင်းလာတာက လီတစ်ဆီယာရဲ့ ချွေးမဆိုတဲ့ ပုံရိပ်ကြောင့်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမဲ့ အဲလက်စ်ကတော့ သူ့ခင်ပွန်းနဲ့ လီတစ်ဆီယာတို့ အဆက်အသွယ်မရှိတော့တာတောင် ကြာမြင့်နေပါပြီလို့ တုံ့ပြန်ခဲ့ပါတယ်။