
ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် မဲခွဲမှုပြုလုပ်ပြီးနောက် လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်း အနည်းငယ် လျော့ကျသွားသော်လည်း ၎င်းတို့သာ ရေပန်း အစားဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း Opta ၏ စူပါကွန်ပျူတာက ခန့် မှန်းတွက်ချက်ထားသည်။
၁၆ သင်းအဆင့် မဲခွဲပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး ပွဲစဉ် ၁ အဖြစ် PSG-လီဗာပူးလ်၊ ပွဲစဉ် ၂ အဖြစ် ကလပ်ဘရုဂေး-ဗီလာ၊ ပွဲစဉ် ၃ အဖြစ် ရီးယဲလ်-အက်သလက်တီကို၊ ပွဲစဉ် ၄ အဖြစ် PSV-အာဆင်နယ်၊ ပွဲစဉ် ၅ အဖြစ် ဘင်ဖီကာ -ဘာစီလိုနာ၊ ပွဲစဉ် ၆ အဖြစ် ဒေါ့မွန်-လိုင်လီ၊ ပွဲစဉ် ၇ အဖြစ် ဘိုင်ယန်မြူးနစ်-လေဗာကူဆင်၊ ပွဲစဉ် ၈ အဖြစ် ဖီယင်နု-အင်တာမီလန် အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအထိ လမ်းကြောင်းများကိုလည်း ကြိုတင်ရေးဆွဲထားပြီး ပွဲစဉ် ၁-၂၊ ပွဲစဉ် ၄-၃၊ ပွဲစဉ် ၅-၆၊ ပွဲစဉ် ၇-၈ အနိုင်ရမည့်အသင်းများမှာ ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။
Opta ၏ စူပါကွန်ပျူတာက မဲခွဲပွဲမတိုင်မီ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို တွက်ချက်ထုတ်ပြန်ထားရာ လီဗာပူးလ်အသင်းက ၂၀ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံးသတ်မှတ်ခံထားရပြီး အာဆင်နယ်အသင်းက ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ ဘာစီလိုနာအသင်းက ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အစဉ်လိုက်ရပ်တည်နေသည်။
မဲခွဲပွဲအပြီးတွင် ပွဲစဉ်လမ်းကြောင်းအပေါ်မူတည်၍ အပြောင်းအလဲ ဖြစ်သွားသည့်အခြေအနေကို Opta က ထပ်မံထုတ်ပြန်ရာ လီဗာပူးလ်အသင်းမှာ ၁၇ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျသွားသော်လည်း ရေပန်းအစားဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ဘာစီလိုနာအသင်းက ၁၅ ဒသမ ၄ ရာခိုင်နှုန်း၊ အာဆင်နယ်အသင်းက ၁၃ ဒသမ ၆ ရာခိုင်နှုန်း သတ်မှတ်ခံထားရကြောင်း သိရသည်။
၁၆ သင်းအဆင့်တွင် PSG အသင်းနှင့် တွေ့ဆုံနေခြင်းအပေါ် လီဗာပူးလ်အသင်း နည်းပြ အာနယ်ဆလော့က "သူတို့ (PSG) က ဘရက်စ်ကို ပြတ်ပြတ်သားသားအနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတက်ရောက်လာတာပါ။ သူတို့က လိဂ်အဆင့်မှာလည်း ရလဒ်ကောင်းတချို့ရခဲ့ပြီး စတုဂတ်၊ မန်ချက်စတာစီးတီး၊ ဂျီရိုနာနဲ့ ဆာလ်ဇ်ဘာ့ဂ်တို့ကို အနိုင်ရခဲ့တယ်။ ကျွန်တော်တို့လိုပဲ PSG ကလည်း ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးနေရာရပ်တည်နေပြီး အချိန်အကြာကြီး ရှုံးပွဲမရှိသေးပါဘူး။ အဲဒါက ကျွန်တော်တို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ဘာလဲဆိုတာကို ပြောပြနေပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့မျှော်လင့်ထားတဲ့ စိန်ခေါ်မှုမျိုးပါပဲ။ ကျွန်တော်တို့ကလည်း ၁၆ သင်းအဆင့်ကို ထိုက်တန်စွာရောက်ရှိလာတာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
ရေပန်းအစားဆုံး ထိပ်ဆုံးငါးသင်း
အသင်း မဲမခွဲမီ မဲခွဲပြီး ခြားနားမှု
လီဗာပူးလ် ၂၀.၂% ၁၇.၂% -၃%
ဘာစီလိုနာ ၁၂.၇% ၁၅.၄% +၂.၇%
အာဆင်နယ် ၁၆.၈% ၁၃.၆% -၃.၂%
အင်တာမီလန် ၁၂.၄% ၁၂.၇% +၀.၃%
ရီးယဲလ်မက်ဒရစ် ၁၀.၅% ၁၁.၆% +၁.၁%