Eleven Media Group

မေဂျာလိဂ်ပြိုင်ပွဲတွင် အင်တာမိုင်ယာမီအသင်း၏တန်ဖိုး တစ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းဖြင့် အများဆုံးမြင့်တက်

Photo: WROC TV

၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ်ပြိုင်ပွဲ၏ တန်ဖိုးအမြင့်ဆုံးအသင်းများစာရင်းကို အမေရိကန်အခြေစိုက် Forbes စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်ရာ အင်တာမိုင်ယာမီ အသင်းက တစ်နှစ်အတွင်း တန်ဖိုးမြင့်တက်မှု အများဆုံးအဖြစ် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

တန်ဖိုးအမြင့်ဆုံးအဖြစ် LAFC အသင်းက ဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံဖြင့် ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး အသင်း၏တန်ဖိုးမှာ ယခင်နှစ်ထက် လေးရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ မက်ဆီ၊ ဆွာရက်ဇ်၊ အယ်လ်ဘာ၊ ဘူးစကွက်စ်စသည့် ဘာစီလိုနာကြယ်ပွင့်ဟောင်းများကို ခေါ်ယူထားသော အင်တာမိုင်ယာမီအသင်းက ၂၀၂၄ ခုနှစ်ထက် ၁၇ ရာခိုင်နှုန်းမြင့်တက်လာကာ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖြင့် ဒုတိယနေရာရပ်တည်နိုင်ခဲ့သည်။

အင်တာမိုင်ယာမီအသင်း၏တန်ဖိုးမှာ မက်ဆီမရောက်လာမီ ၂၀၂၂ ခုနှစ်ထက် နှစ်ဆအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ အင်တာမိုင်ယာမီအသင်းသည် မက်ဆီကိုခေါ်ယူပြီးနောက် ၂၀၂၃ လိဂ်ဖလား နှင့် ၂၀၂၄ Supporters' Shield ချန်ပီယံဆု ရယူနိုင်ခဲ့သည်။

၎င်းတို့၏နောက်တွင် LA ဂလက်ဆီ အသင်းက ဒေါ်လာတစ်ဘီလျံ၊ အတ္တလန္တာ ယူနိုက်တက်အသင်းက ဒေါ်လာ ၉၇၅ သန်း၊ နယူးယောက်စီးတီးအသင်းက ဒေါ်လာ ၈၇၅ သန်း၊ အော်စတင်အသင်းက ဒေါ်လာ ၈၂၅ သန်း၊ ဆီယက်တဲလ်ဆောင်းဒါးအသင်းက ဒေါ်လာသန်း ၈၀၀၊ ဒီစီယူနိုက်တက်အသင်းက ဒေါ်လာ ၇၈၅ သန်း၊ ကိုလံဘတ်စ်ခရူ အသင်းက ဒေါ်လာ ၇၃၅ သန်း၊ စင်စင်နာတီ အသင်းက ဒေါ်လာ ၇၃၀ သန်းဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း Forbes မဂ္ဂဇင်း၏ ထုတ်ပြန်မှုအရ သိရသည်။

တန်ဖိုးအမြင့်ဆုံး ထိပ်ဆုံးငါးသင်း
အသင်း တန်ဖိုး တိုးတက်မှု
LAFC ၁.၂၅ ဘီလျံ ၄%
အင်တာမိုင်ယာမီ ၁.၂ ဘီလျံ ၁၇%
LA ဂလက်ဆီ ၁ ဘီလျံ ၅%
အတ္တလန္တာယူနိုက်တက် ၉၇၅ သန်း ၈%
နယူးယောက်စီးတီး ၈၇၅ သန်း ၃%

မူရင်းသတင်း — Eleven Media Group