Eleven Media Group

အိမ်ကွင်းရှုံးပွဲအတွက် အာဆင်နယ်အသင်းနည်းပြ အာတီတာ ဒေါသပေါက်ကွဲခဲ့ပြီး ချန်ပီယံဆု စိန်ခေါ်နိုင်သည့် အဆင့်မျိုးမရှိကြောင်း ဝန်ခံ

Photo: Goal.com

အာဆင်နယ်အသင်းနည်းပြ အာတီတာ သည် လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်း အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခြင်းအတွက် ဒေါသပေါက်ကွဲခဲ့ပြီး မိမိတို့အနေဖြင့် ချန်ပီယံဆုစိန်ခေါ်နိုင်သည့် အဆင့်မျိုးမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုတစ်ပတ်တွင် ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း (မန်စီးတီးနှင့် အဝေးကွင်း) ပွဲကျပ်ကစားရမည့်အခြေအနေကို အခွင့်အရေးမယူနိုင်ဘဲ ဝက်စ်ဟမ်းအသင်းအား အိမ်ကွင်းမှာပင် (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ၇၃ မိနစ်တွင် နောက်ခံလူ လူးဝစ်စကယ်လေ အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။

ယင်းပွဲမှာ အာဆင်နယ် အသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမဆုံး အိမ်ကွင်းရှုံးပွဲလည်းဖြစ်သည်။

သို့ဖြစ်ရာ အာတီတာက "အဲဒါ (ချန်ပီယံမျှော်လင့်ချက်) က ကျွန်တော်တို့လက်ထဲမှာ မဟုတ်ပါဘူး။ ကိုယ့်လက်ထဲမှာရှိနေတဲ့အရာတွေအတွက် ကျွန်တော် တကယ်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အဲဒါက စွမ်းဆောင်ရည်နဲ့ ရလဒ်ပါ။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားရရှိမယ့်အခွင့်အရေးကို ရယူနိုင်တဲ့အဆင့်မျိုးမရှိပါဘူး။ အဲဒီအတွက် ကျွန်တော့်မှာ အများကြီးတာဝန်ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်အရမ်းဒေါသထွက်မိပါတယ်။ ဒီနေ့ပွဲက ဒဏ်ရာရကစားသမားတွေ မပါနိုင်လို့ လုံးဝမဟုတ်ပါဘူး။ ကျွန်တော် ပြောနေတာက ကျွန်တော်အပါအဝင် ဒီနေ့ ကစားခဲ့တဲ့အသင်းနဲ့ ကစားသမားတွေရဲ့ အဆင့်အတန်းကိုပါ" ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group