Eleven Media Group

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်နှင့် အကန်ဂျီ ပေါင်ဒဏ်ရာကို ခွဲစိတ်ကုသရဖွယ်ရှိပြီး မကြာခဏ ဒဏ်ရာရနေသူများကို ရောင်းထုတ်နိုင်ကြောင်း ဂွါဒီယိုလာ အရိပ်အမြွက်ပြောကြား

Photo: Getty Images

မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ် နှင့် အကန်ဂျီမှာ ပေါင်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရဖွယ်ရှိနေကြောင်း သိရသည်။ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမား အကန်ဂျီ (၂၉ နှစ်) မှာ ရီးယဲလ်အသင်းနှင့် ကစားသည့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ် နှင့် အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျွန်စတုန်းစ် (၃၀ နှစ်) မှာလည်း ရီးယဲလ်အသင်း နှင့် ဒုတိယအကျော့ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစလုံး ပေါင်ဒဏ်ရာရရှိထားခြင်းဖြစ်သည်။ ၎င်းတို့၏ဒဏ်ရာကို ခွဲစိတ်ခြင်းပြုမပြု ရက်ပိုင်းအတွင်းသိရမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားခဲ့သည်။

"သူ (ဂျွန်စတုန်း) က ဒဏ်ရာရထားပါတယ်။ ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ လာမယ့်နာရီပိုင်း၊ ရက်ပိုင်းဆိုရင် သူက ခွဲစိတ်ကုသမှုလုပ်ဖို့ လိုမလား၊ မလိုဘူးလားဆိုတာ ကျွန်တော်တို့ သိရမှာပါ။ မန်နူရယ်အကန်ဂျီ လည်း အဲဒီလိုပါပဲ" ဟု ဂွါဒီယိုလာက ဆိုသည်။

ထို့ပြင် ဂွါဒီယိုလာက မကြာခဏဒဏ်ရာ ရနေသူများ သို့မဟုတ် ပွဲပန်းမှုကြောင့် မန်စီးတီးအသင်း၏ပွဲစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိသူများကို ရောင်းထုတ်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

"ကျွန်တော်တို့က ဆရာဝန်တွေ၊ ကစားသမားတွေ၊ အေးဂျင့်တွေနဲ့ အတူထိုင်ပြီးတော့ တချို့ကစားသမားတွေက သုံးရက်တစ်ပွဲ ကစားရတာကို မလုပ်နိုင်ဘူးဆိုတာ သေချာအောင် လုပ်ရပါမယ်။ ဒါက အဖြစ်မှန်ပါ။ ကစားသမားတော်တော်များများက ပြီးခဲ့တဲ့ ကာလတွေမှာ ကျွန်တော်တို့လုပ်ခဲ့တာတွေကို မလုပ်နိုင်ပါဘူး။ မတူညီတဲ့ပြိုင်ပွဲတွေ ကစားရတယ်။ ပြဿနာတွေမရှိဘဲ ခရီးသွားရတယ်။ ကျွန်တော်စိုးရိမ်တာကဘာလဲဆိုပြီး ပြောလာရင် အဲဒါပါပဲ။ ကျွန်တော်တို့က ဆိုးရွားတဲ့ရာသီတစ်ခုရဖို့ ထိုက်တန်ပါတယ်။ အနာဂတ်အတွက် တကယ်လက်တွေ့ကတော့ ဒီပြိုင်ပွဲ (ချန်ပီယံလိဂ်) မှာ ထပ်ပြီးပါဝင်ချင်တယ်ဆိုရင်၊ ချန်ပီယံလိဂ်နောက်ပိုင်း အဆင့်တွေမှာ ကစားခွင့်ရချင်တယ်ဆိုရင် ကြံ့ခိုင်မှုရှိတဲ့ကစားသမားတွေကို ကျွန်တော် လိုအပ်ပါတယ်။ ကျွန်တော်စိုးရိမ်မိတာ အဲဒါပါပဲ။ အခုလိုအခြေအနေမျိုးက တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အကြိမ်ပေါင်းများနေပါပြီ။ တောင်းဆိုမှုတွေက အရမ်းကိုများတယ်။ အသင်းတွေက ပိုမြန်၊ ပိုသွက်၊ ပိုအားကောင်းလာကြတယ်။ အခုအချိန်မှာ အဲဒါကို ကျွန်တော်တို့ မကိုင်တွယ်နိုင်ပါဘူး။ မက်ဒရစ်နဲ့ ပထမအကျော့မတိုင်ခင် ကျွန်တော်တို့မှာ ခံစစ်အတွင်းလူအားလုံးရှိနေတာ သတိရမိပါတယ်။ တစ်ပတ်အကြာမှာတော့ ခံစစ်အတွင်း လူနှစ်ယောက်က လနဲ့ချီပြီး အနားယူရတော့မယ်။ ရာသီကလည်း အဲဒီလိုမျိုးပါပဲ" ဟု ဂွါဒီ ယိုလာက ဆိုသည်။

အကန်ဂျီမှာ ၁၀ ပတ်ကျော်ကြာ အနားယူရမည်ဟု ခန့်မှန်းထားပြီး ဂျွန်စတုန်းစ်မှာလည်း ခွဲစိတ်မှုပြုလုပ်ရပါက ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည်။

မူရင်းသတင်း — Eleven Media Group