Eleven Media Group

အာဆင်နယ်ရဲ့ မျှော်လင့်ချက် အရည်ပျော်သွားခဲ့ ပြန်ပြီလား

Photo : X

"ကျွန်တော် အလွန့်အလွန် ဒေါသထွက်ရသလို၊ အရမ်းလည်း စိတ်ပျက်မိပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒါကို နာကျင်ခံစားဖို့ လိုပါတယ်။ ချန်ပီယံမျှော်လင့်ချက်က ကျွန်တော်တို့ရဲ့ လက်ထဲမှာ မရှိတော့ပါဘူး"လို့ ဝက်စ်ဟမ်းကို ရှုံးနိမ့်အပြီးမှာ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းက ထိပ်ဆုံးက လီဗာပူးလ်အသင်းကို အမီလိုက်ဖို့ ကြိုးစားရင်း နောက်တစ်ကြိမ် ခြေခေါက်လဲခဲ့တာပါ။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာဖြစ်ပေမဲ့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာကတော့ အာဆင်နယ်အသင်းအတွက် နစ်နာမှုကြီးမားခဲ့ပါတယ်။

"ကျွန်တော် အလွန့်အလွန် ဒေါသထွက်ရသလို၊ အရမ်းလည်း စိတ်ပျက်မိပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒါကို နာကျင်ခံစားဖို့ လိုပါတယ်။ ချန်ပီယံမျှော်လင့်ချက်က ကျွန်တော်တို့ရဲ့ လက်ထဲမှာ မရှိတော့ပါဘူး"လို့ ဝက်စ်ဟမ်းကို ရှုံးနိမ့်အပြီးမှာ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းက ထိပ်ဆုံးက လီဗာပူးလ်အသင်းကို အမီလိုက်ဖို့ ကြိုးစားရင်း နောက်တစ်ကြိမ် ခြေခေါက်လဲခဲ့တာပါ။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာဖြစ်ပေမဲ့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာကတော့ အာဆင်နယ်အသင်းအတွက် နစ်နာမှုကြီးမားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေအလားအလာက (၁၅.၁၃%)ကနေ (၈.၁၄%)အထိ လျော့ကျသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ချန်ပီယံဖြစ် နိုင်ခြေအလားအလာကတော့ (၈၄.၇၉%)ကနေ (၉၁.၇၆%)အထိ မြင့်တက်သွားခဲ့ပါတယ်။ Opta က ဒီနှုန်းထားတွေ ထုတ်ပြန်ခဲ့ချိန်မှာ လီဗာပူးလ်အသင်းက မန်စီးတီးနဲ့ပွဲကို မကစားရသေးပါဘူး။ ဒါပေမဲ့ ပွဲတူအနေအထားမှာပဲ (၈)မှတ်ဖြတ်ထားနိုင်တာကြောင့် အာဆင်နယ်အသင်း လိုက်မီနိုင်မှာမဟုတ်တော့ဘူးလို့ ယူဆတဲ့သဘောပါပဲ။ နာမည်ကျော်လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Paddy Power ကတော့ ဝက်စ်ဟမ်းကို အာဆင်နယ် ရှုံးနိမ့်အပြီးမှာပဲ လီဗာပူးလ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်ဘက်က လောင်းထားတဲ့ လောင်းကြေးတွေကို ပေးလျော်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အခွင့်အရေးမယူနိုင်
အာဆင်နယ်အသင်းက ပြိုင်ဘက်ရဲ့ အမှားကိုစောင့်ရမယ့်အခြေအနေမှာ ကိုယ်တိုင်က ခြေချော်မှားယွင်းခဲ့တာကြောင့် ချန်ပီယံမျှော်လင့်ချက်အရည်ပျော်ကျခဲ့ရတာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး(၂)ရာသီဆက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အသင်းကို ရာသီကုန်ခါနီးရင် အဖျားရှူးသွားတတ်တဲ့ အသင်းအဖြစ် ပြိုင်ဘက်ပရိသတ်တွေက လှောင်ပြောင်ကြပါတယ်။ ချန်ပီယံ မန်စီးတီးနဲ့ (၅)မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတုန်းက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး(၉)ပွဲမှာ (၃)ပွဲသာ အနိုင်ရရှိပြီး (၃)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့ပါတယ်။ ဒါကြောင့် ပွဲစဉ်(၃၃)အထိ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ရာသီအဆုံးသတ်ချိန်မှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဒါကြောင့် ဒုတိယရာသီဝက်ကို ကူးပြောင်းချိန်၊ ဆောင်းရာသီရောက်ရှိချိန်မှာ အမှားအယွင်းများတဲ့အသင်း၊ အမှတ်ဆုံးရှုံးမှုများတဲ့အသင်းအဖြစ် လှောင်ပြောင်ခံရတာလည်း လွန်တယ်လို့ မဆိုနိုင်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ အာဆင်နယ်အသင်းက အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ၂၀၂၄ အတွင်း ယှဉ်ပြိုင်ကစားရတဲ့ ပရီးမီးယားလိဂ်(၁၈)ပွဲမှာ (၁၆)ပွဲအထိ အနိုင်ရအောင်စွမ်းဆောင်နိုင်ပြီး အဲဒီ(၁၈)ပွဲမှာ (၄၉)မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်ပေးပြိုင်ပွဲတစ်ခုမှာ ချန်ပီယံဆု ရရှိဖို့ဆိုတာ ပြိုင်ဘက်တွေထက် ပိုကောင်းတဲ့အသင်း ဖြစ်နေဖို့လည်း လိုပါတယ်။ အဲဒီအချိန်မှာ အဓိကပြိုင်ဘက် မန်စီးတီးကလည်း အကောင်းဆုံးဖြတ်သန်းပြခဲ့ပါတယ်။ ၂၀၂၄ အတွင်း (၁၉)ပွဲ ယှဉ်ပြိုင်ကစားရတဲ့ မန်စီးတီးအသင်းက (၁၆)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။ ဒီတော့ မန်စီးတီးက ပြိုင်ပွဲပြီးဆုံးခါနီးမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူပြီး ရာသီကုန်ချိန်မှာ အာဆင်နယ်ကို (၂)မှတ်အသာနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ နောက်ဆုံး(၁၈)ပွဲမှာ (၁၆)ပွဲအထိ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းကို ဒုက္ခပေးခဲ့တာကတော့ အက်စတွန်ဗီလာအသင်းပါ။ အာဆင်နယ်အသင်းက မန်စီးတီးနဲ့ အဝေးကွင်းပွဲမှာ သရေကျပြီး အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရတဲ့ အိမ်ကွင်းပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့တေ့လွဲလွဲခဲ့တာလို့ ဆိုနိုင်ပါတယ်။ အာဆင်နယ်က လှောင်ပြောင်ခံနေရတဲ့ အဖျားရှူးမှုကို ပြီးခဲ့တဲ့ရာသီမှာ ပြောင်းလဲပစ်နိုင်သလိုဖြစ်ခဲ့ ပေမဲ့ နိုင်သင့်နိုင်ထိုက်တဲ့ အိမ်ကွင်းပွဲစဉ်တစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပေးဆပ်မှုကြီးမားခဲ့တာလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ ဒီရာသီမှာရော အာဆင်နယ်အသင်း ဘယ်လိုဖြတ်သန်းခဲ့သလဲ။ နည်းပြ အာတီတာနဲ့ အာဆင်နယ်အသင်းရဲ့ အမာခံကစားသမားတွေက ချန်ပီယံဆုအတွက် စိန်ခေါ်တိုက်ပွဲဝင်ဖို့ ယုံကြည်မှုပိုရှိလာခဲ့ပေမဲ့ အသင်းရဲ့ ခြေစွမ်းကတော့ အားရစရာသိပ်မရှိခဲ့ပါဘူး။ ပွဲပယ်ပြစ်ဒဏ်တွေ၊ ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်မှုကြောင့် ရာသီအစပိုင်းမှာကတည်းက ရုန်းကန်ခဲ့ရပါတယ်။ ဒီရာသီမှာ တခြားထိပ်သီးအသင်း အတော်များများလည်း ဒဏ်ရာထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီပြဿနာကို လက်ညှိုးထိုးအပြစ်ဆို လို့ မရနိုင်ပေမဲ့ ဒီနေရာမှာ လီဗာပူးလ်အသင်းက အားလုံးထက် အားသာချက်ရရှိခဲ့တာကြောင့် ရ လဒ်အကောင်းဆုံးဖြစ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အာတီတာက အာဆင်နယ်အသင်းကို ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်ရှိနေအောင်၊ အကောင်းဆုံး စိန်ခေါ်သူအဖြစ် ဆက်ရှိနေအောင်တော့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းကနေ အခု ဝက်စ်ဟမ်းနဲ့ပွဲ မတိုင်ခင်အထိ ပရီးမီးယားလိဂ်မှာ (၁၅)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်မလျော့သင့်တဲ့ပွဲတွေမှာ အမှတ်လျော့ပြီး အလေအလွင့်များခဲ့တဲ့ အာဆင်နယ်အသင်း အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီး တည်ဆောက်ထားခဲ့သမျှတွေ အရာမထင်အောင် လုပ်ခဲ့ပြန်ပါတယ်။တကယ်တော့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် အနိုင်ကစားပြီး မျှော်လင့်ချက်တွေ ပြန်အားကောင်းလာတဲ့ အနေအထားမှာ ရှိနေတာပါ။ တစ်ဖက်မှာ လီဗာပူးလ်အသင်းက မန်စီးတီးနဲ့ပွဲမတိုင်မီ နောက်ဆုံး(၃)ပွဲမှာ (၂)ပွဲသရေကျပြီး (၅)မှတ်သာရယူနိုင်ခဲ့တာကြောင့်လည်း အာဆင်နယ်ရဲ့ မျှော်လင့်ချက်တွေ ပြန်ဝင်းလက်လာခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်အသင်း ဒီအခြေအနေကို အခွင့်အရေးမယူနိုင်ခဲ့ပါဘူး။

(၁၂)ပွဲအလို
အာဆင်နယ်အသင်း ဘာကြောင့် အခွင့်အရေးမယူနိုင်ခဲ့တာလဲလို့ ဆန်းစစ်ကြည့်မယ်ဆိုရင် တိုက်စစ်မှူး လိုအပ်ချက်ကိုပဲ အဓိကထောက်ပြရမှာပါ။ တခြားအသင်းတွေလည်း ဒဏ်ရာပြဿနာ ကိုယ်စီရှိနေကြတယ်ဆိုပေမဲ့ အာဆင်နယ်လိုမျိုး နေရာတစ်နေရာမှာ ပုံမှန်ကစားနေကျ ကစားသမားတစ်ဦးမှ မရှိတဲ့အထိတော့ မကြုံတွေ့ရပါဘူး။ အာဆင်နယ်အသင်းက တိုက်စစ်မှူးနေရာ No.9 Role နေရာမှာ ကစားနေကျကစားသမားတွေ ဒဏ်ရာရနေတဲ့အပြင် တိုက်စစ်မှာ အားအထားရဆုံးကစား သမားဖြစ်တဲ့ ဆာကာကလည်း ကာလရှည်အနားယူနေရပါတယ်။ ဒါကြောင့် အစွယ်ကျိုးနေတဲ့ မြွေတစ်ကောင်လိုလည်း ဖြစ်နေပါတယ်။ ဒီအတွက် အသင်းတာဝန်ရှိသူတွေကိုရော၊ နည်းပြ အာတီတာကိုပါ အပြစ်တင်ရမှာပါ။ အာဆင်နယ်အသင်းက အရင်ကတည်းက ထိပ်တန်းအဆင့် တိုက်စစ်မှူး လိုအပ်နေတဲ့အသင်းပါ။ ဆုဖလားအောင်ပွဲတွေကို ရည်မှန်းထားတဲ့ အသင်းတစ်သင်းဟာ နေရာစုံမှာ ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ဂိုးသမား၊ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်နေရာစုံမှ ပြည့်စုံနေရမှာပါ။ ပရီးမီးယားလိဂ်လိုမျိုး ပြိုင်ဘက်ကောင်းတွေ အများကြီးရှိနေတဲ့ပြိုင်ပွဲ၊ မန်စီးတီးလို အင်အားတောင့်တင်းတဲ့ပြိုင်ဘက် ရှိနေတဲ့ပြိုင်ပွဲမှာ ချန်ပီယံဆုကို မျှော်မှန်းရင်တော့ ကိုယ့်အသင်းက ပြီးပြည့်စုံနေဖို့ ပိုလိုအပ်မှာပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းက ပျက်ကွက်ခဲ့ပါတယ်။ သုံးလို့ဖြစ်ရုံ အဆင့်သာရှိတဲ့ ဟာဗက်ဇ်ကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် ဆက်သုံးပြီး ထိပ်တန်းတိုက်စစ်မှူး မခေါ်ယူခဲ့ပါဘူး။ ဆာကာ ခြေစွမ်းပြနေနိုင်တာနဲ့ Set-pieces တွေကနေ ဂိုးတွေအများကြီးရရှိနေတာကြောင့် ဒီဟာကွက်က ပြဿနာမရှိသလိုဖြစ်ခဲ့ပေမဲ့၊ ဆာကာ မကစားနိုင်တဲ့အခါ၊ Set-pieces တွေကနေ အရင်လောက် ဂိုးတွေမသွင်းနိုင်တော့တဲ့အခါမှာတော့ ဒီဟာကွက်က အသင်းအတွက် ထိခိုက်မှုအရှိဆုံးအရာ ဖြစ်လာခဲ့ပါတယ်။ ဒါကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ ဖာထေးကုစားခွင့်ရရှိပါလျက်နဲ့ မျက်ကွယ်ပြုခဲ့တာကတော့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ အာတီတာနဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေအပေါ် ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဆိုရမလိုပါပဲ။ ဒါဟာ အားကစားဒါရိုက်တာ အီဒူးကို အသင်းမှာ ဆက်ထိန်းမထားနိုင်ခဲ့တဲ့ အကျိုးဆက်ကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ အီဒူးမရှိတော့တာကြောင့် လိုချင်တဲ့ ကစားသမားသစ်တွေကို အာဆင်နယ်အသင်း မခေါ်ယူနိုင်တော့တာလား၊ နည်းပြ အာတီတာကပဲ ရှိတဲ့လူအင်အားနဲ့ တိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ ယုံကြည်မှုလွန်ကဲခဲ့တာလား ဆိုတာကိုတော့ တာဝန်ရှိသူတွေပဲ သိနိုင်မှာပါ။ လက်စတာနဲ့ပွဲမှာ စပိန်ကွင်းလယ်ကစားသမား မယ်ရီနိုက အထောင်တိုက်စစ်မှူးနေရာ လူစားဝင်ကစားပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ဂိုးကန်သွင်းခွင့် နှစ်ကြိမ်သာ ရရှိခဲ့ပါတယ်။ နိုင်ပွဲတွေ ရယူနိုင်ဖို့ လိုအပ်နေချိန်မှာ တိုက်စစ်က အသက်မဲ့နေတဲ့ အသင်းတစ်သင်းအတွက် မျှော်လင့်ချက်တွေ အရည်ပျော်ကျခဲ့တာ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။ ဒါကြောင့် ပထမအကျော့အဝေးကွင်းပွဲမှာတုန်းက (၅)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့အပြင် ရှုံးပွဲနဲ့သာ ရင်ဆိုင်ခဲ့ရတာပါ။ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ရာသီတုန်းကလည်း အာဆင်နယ်အသင်းကို အဲမရိတ်စ်ကွင်းမှာပဲ အနိုင်ယူခဲ့တဲ့အသင်းဖြစ်ပါတယ်။ သင်္ချာနည်းအရ ပြောမယ်ဆိုရင်တော့ လက်ကျန်(၁၂)ပွဲရှိနေသေးတာကြောင့် အာဆင်နယ်အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်က မကုန်ဆုံးသေးပါဘူး။ ၁၉၉၅-၉၆ ရာသီတုန်းက ဖေဖော်ဝါရီလလယ်မှာ နယူးကာဆယ်နဲ့ (၉)မှတ်ပြတ်နေတဲ့ မန်ယူအသင်း ချန်ပီယံဖြစ်ခဲ့ဖူးသလို၊ ၂၀၁၁-၁၂ ရာသီမှာ ဧပြီလအထိ မန်ယူနဲ့ (၈)မှတ်ပြတ်နေတဲ့ မန်စီးတီးအသင်း ရာသီကုန်မှာ ချန်ပီယံဆုရယူခဲ့ဖူးတဲ့ အစဉ်အလာလည်း ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီအသင်းတွေလို စွမ်းဆောင်နိုင်ဖို့က တိုက်စစ်မှူးမရှိတဲ့ အာဆင်နယ်အသင်းအတွက် ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်နေမှာပါ။

မူရင်းသတင်း — Eleven Media Group