Eleven Media Group

ပရီးမီးယားလိဂ်၌ တစ်ရာသီအတွင်း သွင်းဂိုး(၂၅)ဂိုးနှင့်အထက်၊ ဂိုးဖန်တီးမှု (၁၅)ကြိမ်နှင့်အထက် စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်

Photo: Premier League

လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်၌ တစ်ရာသီအတွင်း သွင်းဂိုး(၂၅)ဂိုးနှင့်အထက်၊ ဂိုးဖန်တီးမှု (၁၅)ကြိမ်နှင့်အထက် ရရှိအောင် စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဆာလာသည် တနင်္ဂနွေနေ့က မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူကာ၊ တစ်ဂိုးဖန်တီးပေးခဲ့သည့်အတွက် စံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၂၅)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပြီး ဒုတိယနေရာမှ အနီးဆုံးပြိုင်ဘက်များဖြစ်သည့် ဟာလန်း(မန်စီးတီး)နှင့် အီဆက်ခ်(နယူးကာဆယ်)တို့ကို (၆)ဂိုးဖြတ်ထားသည်။
ထို့ပြင် ဂိုးဖန်တီးမှုလည်း (၁၆)ကြိမ်ဖြင့် အများဆုံးဖြစ်နေပြီး ဒုတိယနေရာမှ ဒမ်းစ်ဂတ်(ဘရန့်ဖို့ဒ်)၊ ရော်ဘင်ဆင်(ဖူလ်ဟမ်)နှင့် ဆာကာ(အာဆင်နယ်)တို့ထက် (၆)ကြိမ်အသာရထားသည်။
ဆာလာသည် ယခုရာသီတွင် အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ပြသနေရုံသာမက ဂိုးဖန်တီးမှုစွမ်းရည်ကိုလည်း ပြသနေခြင်းဖြစ်သည်။
ဆာလာသည် ၂၀၁၇-၁၈ ရာသီက ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုရရှိခဲ့သည့် (၃၂ ဂိုး)စံချိန်ကို မမီသေးသော်လည်း လက်ရှိသွင်းယူထားသည့် သွင်းဂိုးအရေအတွက်မှာ ၎င်းင်း၏ လီဗာပူးလ်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်း ဖြစ်နေသည်။
ဆာလာသည် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို (၃)ကြိမ်ရရှိခဲ့ရာ၌ ၂၀၁၇-၁၈ ရာသီတွင် (၃၂)ဂိုး၊ ၂၀၁၈-၁၉ ရာသီတွင် (၂၂)ဂိုး၊ ၂၀၂၁-၂၂ ရာသီတွင် (၂၃)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် လက်ရှိရာသီတွင် အနီးဆုံးပြိုင်ဘက်များထက် (၆)ဂိုးအသာရရှိနေပြီဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက်လည်း (၂း၅)လေးဖြင့် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။
ဆာလာသည် မန်စီးတီးနှင့်ပွဲမှ သွင်းဂိုးနှင့် ဖန်တီးမှုများကြောင့် အခြားသော စံချိန်မှတ်တမ်းသစ်များစွာကိုလည်း ပိုင်ဆိုင်ခဲ့သည်။
၎င်းသည် ပရီးမီးယားလိဂ်၌ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုး+ဂိုးဖန်တီးမှု) (၄၀)အထက်ရရှိအောင် နှစ်ရာသီတိုင်တိုင် စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဆာလာသည် ၂၀၁၇-၁၈ ရာသီတွင် (၃၂)ဂိုးသွင်း၊ ဖန်တီးမှု(၁၀)ကြိမ်ပြုလုပ်ကာ ဂိုးပါဝင်ပတ်သက်မှု (၄၂)ဂိုး ရှိခဲ့ပြီး ယခုရာသီတွင် (၂၅)ဂိုးသွင်း၊ ဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ကာ ဂိုးပါဝင်ပတ်သက်မှု (၄၁)ဂိုး ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဝေးကွင်းသွင်းဂိုး (၁၆)ဂိုးရှိပြီဖြစ်သည့်အတွက် တစ်ရာသီအတွင်း အဝေးကွင်းသွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသော ကယ်လ်ဗင်ဖီးလစ်(၁၉၉၉-၀၀)နှင့် ဟာရီကိန်း(၂၀၂၂-၂၃) တို့၏ စံချိန်များကိုလည်း လိုက်မီသွားခဲ့သည်။
ဆာလာသည် လက်ရှိချန်ပီယံအသင်းကို ပရီးမီးယားလိဂ်နှစ်ကျော့စလုံး၌ တစ်ပွဲတည်းတွင် ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်၌ ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် (၉)ဂိုးဖြင့် မှတ်တမ်းဝင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သည့်ကစားသမားအဖြစ်လည်း (၆)ကြိမ်ဖြင့် မှတ်တမ်းဝင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်(၁၁)ပွဲ ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်၍ ဆာလာအနေဖြင့် မှတ်တမ်းသစ်များ ထပ်မံပိုင်ဆိုင်ဖွယ်ရှိနေသည်။

မူရင်းသတင်း — Eleven Media Group