Eleven Media Group

ဒူးဒဏ်ရာကြောင့် လီဗာပူးလ်နှင့်ပွဲတွင် ဟာလန်း မပါဝင်နိုင်ခြင်းဖြစ်ပြီး စပါးနှင့်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ဂွါဒီယိုလာပြောကြား

Photo: X

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်နှင့်ပွဲတွင် တိုက်စစ်မှူး ဟာလန်း မပါဝင်နိုင်ခြင်းမှာ ဒူးဒဏ်ရာကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟာလန်းသည် နယူးကာဆယ်အသင်းအား (၄-၀)ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲပြီးခါနီး၌ လူစားလဲခံခဲ့ရသလို၊ ရီးယဲလ်အသင်းအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲတွင်လည်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေ။
သို့သော် ရီးယဲလ်နှင့်ပွဲ၌ အရန်ကစားသမားစာရင်းတွင် ပါဝင်ခဲ့ပြီး ယခု လီဗာပူးလ်နှင့်ပွဲတွင်မူ လူစာရင်းတွင်ပင် ပါဝင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် မီဒီယာများက မေးမြန်းခဲ့ရာ ဂွါဒီယိုလာက ''မနေ့က လေ့ကျင့်မှုပြုလုပ်အပြီးမှာ သူ့ရဲ့ ခံစားမှုက မကောင်းခဲ့ပါဘူး။ တိုးတက်မှုရှိလာပေမဲ့ ခံစားမှုမကောင်းသေးတာပါ။ စပါးနဲ့ပွဲမှာ ကစားနိုင်ဖို့တော့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ စောင့်ကြည့်ရဦးမှာပါ။ သူ ကောင်းတယ်လို့ ခံစားရရင်တော့ ပြန်ပါလာမှာပါ''ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဟာလန်း မကစားနိုင်သည့်နှစ်ပွဲစလုံး ဂိုးရရှိရန် ရုန်းကန်ခဲ့ရပြီး လီဗာပူးလ်နှင့်ပွဲ၌ ဂိုးပေါက်တည့်အခွင့်အရေး (၅)ကြိမ်ရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရသည်။
ထို့ကြောင့် လီဗာပူးလ် အသင်းနှင့် အမှတ်(၂၀)အထိ ကွာဟသွားခဲ့ပြီး ၂၀၁၉-၂၀ ရာသီနောက်ပိုင်း အများဆုံးကွာဟမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group