
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က လက်ပါမားစ်အသင်းအား အနိုင်ရပြီး လာလီဂါအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သော်လည်း အသင်း၏စွမ်းဆောင်မှုမှာ မကောင်းခဲ့ကြောင်း ပွဲအပြီးတွင် ဝေဖန်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ဖေဖော်ဝါရီ (၂၂) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် လက်စ်ပါမားစ်အသင်းကို အဝေးကွင်းတွင် (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဘာစီလိုနာအသင်းသည် အဆိုပါပွဲစဉ်တွင် လက်စ်ပါမားစ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်း အနိုင်ရရန် ရုန်းကန်ခဲ့ရသည်။
လက်စ်ပါမားစ်အသင်းသည် ဘာစီလိုနာအသင်းကို ပွဲချိန် (၆၀) မိနစ်ကျော်အထိ တောင့်ခံကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအနေဖြင့် လူစားဝင်ကစားသမားများဖြစ်သည့် အော်လ်မို၊ ဖယ်ရန်တောရက်စ်တို့၏သွင်းဂိုးများကြောင့် ပွဲအပြီးတွင် လက်စ်ပါမားစ်အသင်းကို (၂-၀) ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် အဆိုပါနိုင်ပွဲကြောင့် လာလီဂါအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နိုင်ခဲ့သော်လည်း အသင်းနည်းပြ ဟန်ဆီဖလစ်ခ်ကမူ အသင်း၏စွမ်းဆောင်မှုကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဟန်ဆီဖလစ်ခ်က ''ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီပွဲမှာ (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒါက ကောင်းပါတယ်။ အနိုင် (၃) မှတ် ရရှိခဲ့တာကြောင့် လက်ကျန်ပွဲတွေအတွက် ပိုပြီးအားရှိသွားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ကစားချင်တဲ့အတိုင်း မကစားနိုင်ခဲ့ဘူးဆိုတာကို ကျွန်တော် ရှင်းပြခဲ့ပါတယ်။ (၃) မှတ်ရတဲ့အတွက် အရမ်းပျော်ပေမဲ့ စွမ်းဆောင်ရည်က မကောင်းခဲ့ပါဘူး။ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာ ကောင်းပါတယ်''ဟု ဆိုခဲ့သည်။