Eleven Media Group

ပရီးမီးယားလိဂ်တွင် ပွဲအနည်းဆုံးဖြင့် ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် သတ္တမမြောက်ကစားသမားအဖြစ် အီဆက်ခ် မှတ်တမ်းဝင်ခဲ့ပြီး ယွန်းဘတ်၏စံချိန်ကိုလည်း ကျော်ဖြတ်

Photo: Premier League

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်သည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ်အသင်းအား (၂) ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်၌ ပွဲအရေအတွက်အနည်းဆုံးဖြင့် ဂိုး(၅၀)ပြည့်သွင်းယူနိုင်သည့် သတ္တမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်တွင် ပွဲအရေအတွက် အနည်းဆုံးဖြင့် ဂိုး(၅၀)ပြည့် သွင်းယူနိုင်သူအဖြစ် မန်စီးတီးတိုက်စစ်မှူး ဟာလန်းက (၄၈)ပွဲဖြင့် စံချိန်တင်ထားပြီး ၎င်း၏နောက်တွင် အန်ဒီကိုးလ်က (၆၅)ပွဲ၊ အလန်ရှီးယားက (၆၆)ပွဲ၊ နစ္စတယ်ရွိုင်းက (၆၈)ပွဲ၊ တောရက်စ်နှင့် ဆာလာတို့က (၇၂)ပွဲစီဖြင့် အစဉ်လိုက်ရှိနေကြပြီး ယခုအခါ အီဆက်ခ်က (၇၆)ပွဲဖြင့် သတ္တမနေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်(၂၅ နှစ်)သည် ၂၀၂၂ နွေရာသီတွင် ဆိုစီဒက်မှ နယူးကာဆယ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး (၃) ရာသီမြောက်ယှဉ်ပြိုင်ချိန်၌ ပရီးမီးယားလိဂ်ဂိုး(၅၀)ပြည့်ခဲ့ခြင်းဖြစ်သည်။
အီဆက်ခ်သည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမှ သွင်းဂိုးများကြောင့် အာဆင်နယ်နှင့် ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ယွန်းဘတ်၏ ဂိုးသွင်းစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။
ယွန်းဘတ်၏ ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် ဆွီဒင်ကစားသမား ဟူသည့်စံချိန် (၄၈ ဂိုး)ကို အီဆက်ခ်က ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group