Eleven Media Group

အနားယူမည့်ဆုံးဖြတ်ချက်ကို အောင်လအန်ဆန် ပြန်ပြင်ဆင်ခဲ့ကြောင်း ONE Championship CEO ချက်ထရီ ပြောကြား

Photo: ONE

ONE Championship ပရိုမိုးရှင်း၏ CEO ဖြစ်သူ ချက်ထရီက ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် အနားယူမည့်ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။
ONE Championship ပရိုမိုးရှင်းသည် ONE-171 ပြိုင်ပွဲကို ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ ရက်က ကာတာနိုင်ငံ၊ လူဆေးလ်မြို့ရှိ ပရိသတ် တစ်သောင်းခွဲကျော်ဆံ့ Lusail Sports Arena တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား မြန်မာ MAA ဖိုက်တာ အောင်လအန်ဆန်သည် ပြိုင်ဘက်ဟောင်း တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်နှင့် မကျေပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတခဲ့ရာ ပထမအချီ ၂၈ စက္ကန့်မှာပင် အာဒိုဂန်၏ ဘယ်ခြေအမြင့်ကန်ချက်ကြောင့် အရှုံးပေးခဲ့ရသည်။
ယင်းပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ONE Championship ပရိုမိုးရှင်း၏ CEO ဖြစ်သူ ချက်ထရီက '' အောင်လအန်ဆန် အလဲထိုးခံရပြီးချိန်မှာ ဆရာဝန်က ကျွန်တော့်ကို လာပြောပါတယ်။ သူ(အောင်လအန်ဆန်) က အနားယူတော့မယ်။ သူအနေနဲ့ အားလုံး ပြီးသွားပြီ ဆိုပြီးတော့ပါ။ တစ်မိနစ်ကြာပြီးတော့ အောင်လအန်ဆန်က ကျွန်တော့်ကို ပြန်လာပြောပါတယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ အနားမယူသေးဘူး။ ဆက်ထိုးဦးမယ် ဆိုပြီးတော့ပါ။ ကျွန်တော် ဘာမှကို နားမလည်လိုက်ပါဘူး''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ONE-168 ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ပြီး ဒုတိယအချီတွင် ရှာမေးလ်အာဒိုဂန်၏ ချုပ်ကွက်ကြောင့် အောင်လအန်ဆန် ရှုံးနိမ့်ထားခဲ့သည်။
အောင်လအန်ဆန်နှင့် ရှာမေးလ်အာဒိုဂန်သည် ယင်းပွဲအပြီး(၅)လအကြာတွင် မကျေပွဲအဖြစ် ယခုအခါ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး အောင်လအန်ဆန်မှာ အလဲထိုးခံရကာ ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးနောက် မစ်ဒယ်ဝိတ်တန်းကိုသာ အာရုံစိုက်ထိုးသတ်နေပြီး တစ်ကျော့ပြန်ချန်ပီယံဖြစ်ရန် ရည်မှန်းထားသော်လည်း ယခုအခါ အလှမ်းကွာဝေးသွားပြီဖြစ်သည်။
အောင်လအန်ဆန်သည် ပြီးခဲ့သည့် ONE-171 ပြိုင်ပွဲတွင် ရှာမေးလ်အာဒိုဂန်ကို အနိုင်ရပါက မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရဖွယ်ရှိနေသော်လည်း ထပ်မံရှုံးနိမ့်ခဲသောကြောင့် ပွဲထိုးသတ်ခွင့်အတွက် အခွင့်အရေးနည်းသွားဖွယ်ရှိနေကြောင်း သိရသည်။
အောင်လအန်ဆန်သည် လက်ရှိတွင် အသက်(၃၉) နှစ် ရှိပြီဖြစ်ပြီး ONE Championship ၌ ထိုးသတ်လာသည်မှာ ဆယ်နှစ်ကျော်လာပြီဖြစ်ကာ (၂၁)ပွဲထိုး၊ (၁၅) ပွဲနိုင်၊ (၆) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲခဲ့စဉ်အတွင်း မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်နှင့် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်နှစ်ခုကို တစ်ပြိုင်တည်းရရှိခဲ့သည်အထိ အောင်မြင်မှုများရယူနိုင်ခဲ့သူ ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group