Eleven Media Group

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်း မတ်လအတွင်းတွင် ရန်ကုန်မြို့၌ ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဟု သတင်းများဖော်ပြ

Photo: Asean Football News

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် လာမည့်မတ်လအတွင်းတွင် ရန်ကုန်မြို့၌ ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း အာဆီယံဒေသတွင်းသတင်းများက ဖော်ပြလျက်ရှိသည်။
သတင်းများ၏ ဖော်ပြမှုအရ မြန်မာ ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့သည် လာမည့်မတ် ၁၉၊ ၂၂ ရက်များတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် လာမည့် ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ဂျပန်လူမျိုးနည်းပြ ဟီဆာရှီကူရိုဆာကီကို တာဝန်ပေးခန့်အပ်ထားသည်။
နည်းပြဟီဆာရှီကူရိုဆာကီသည် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မြန်မာ ယူ-၂၂ အသင်းဖွဲ့စည်းရန် ပဏာမကစားသမားရွေးချယ်ပွဲများ ပြုလုပ်ခဲ့သည်။
ယင်းလူရွေးချယ်ပွဲကို MNL နှင့် MNL-2 ကလပ်အသင်းများတွင် ကစားနေသူများအနက် အသက်မီသူများ၊ လူငယ်လိဂ်တွင် ကစားနေသူများအနက် ခြေစွမ်းပြကစားခဲ့သူများ၊ ကျင်းပပြီးခဲ့သည့် အမျိုးသားအားကစားပွဲတော်မှ ခြေစွမ်းပြကစားခဲ့သူများ၊ ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာ ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းမှ အသက်မီသေးသည့် ကစားသမားများ စုစုပေါင်း ကစားသမား(၁၅၀) ဦးဝန်းကျင်ဖြင့် အသင်းများခွဲကာ ယှဉ်ပြိုင်ကစားစေပြီး လူရွေးပွဲများ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဂျပန်လူမျိုးနည်းပြ ဟီဆာရှီကူရိုဆာကီသည် ယင်းလူရွေးပွဲမှ ပဏာမကစားသမား(၂၀) ကျော်ကို စိစစ်ရွေးချယ်ထားပြီး လက်ရှိကျင်းပနေသည့် MNL ပြိုင်ပွဲအပြီးတွင် ကစားသမားများ ထပ်မံဖြည့်တင်းပြီး လေ့ကျင့်မှုများ ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group