Eleven Media Group

ဒုတိယနေရာမှ အာဆင်နယ်အသင်းကို တစ်ပွဲပို၊ ၁၁ မှတ်ဖြတ်ထားနိုင်ပြီဖြစ်သော်လည်း ချန်ပီယံဖြစ်ပြီဟု မှတ်ယူ၍မရသေးကြောင်း လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ ပြောကြား

Photo: Premier League

ချန်ပီယံ မန်စီးတီးအသင်းအား အဝေးကွင်း၌ အနိုင်ရပြီးနောက် ဒုတိယနေရာမှ အာဆင်နယ်အသင်းကို တစ်ပွဲပို၊ ၁၁ မှတ် ဖြတ်ထားနိုင်ပြီဖြစ်သော်လည်း ချန်ပီယံဖြစ်ပြီဟု မှတ်ယူ၍မရသေးကြောင်း လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ သုံးသပ်ပြောကြားသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ တွင် လီဗာပူးလ်အသင်းက မန်စီးတီးအသင်းအား အဝေးကွင်း၌ (၀-၂) ဂိုးဖြင့် အနိုင်ရပြီး ဆာလာ (၁၄ မိနစ်) နှင့် ဆိုဘိုဆလိုင်း (၃၇ မိနစ်) တို့က ဂိုးများသွင်းယူပေးခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် ယခုပွဲအနိုင်ရလဒ်ကြောင့် ၂၇ ပွဲ ကစား၊ ၆၄ မှတ်ရရှိထားပြီး ဒုတိယနေရာမှ အာဆင်နယ်အသင်း (၂၆ ပွဲကစား၊ ၅၃ မှတ်) ကို တစ်ပွဲပို၊ ၁၁ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ရန် သေချာနေပြီလားဟု မေးမြန်းမှုအပေါ် အာနယ်ဆလော့က ''ပရိသတ်တွေကတော့ သူတို့ကြိုက်သလို သီချင်းဆိုလို့ရပါတယ်။ ဒါပေမဲ့ ပွဲစဉ်တစ်ပွဲချင်း အနိုင်ရဖို့ ဘယ်လောက်အထိ ခက်ခက်ခဲခဲကစားရမလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲဒါကြောင့် ချန်ပီယံဆုရပြီလို့ ကျွန်တော်မယုံကြည်နိုင်သေးပါဘူး။ ပွဲအားလုံး ကစားလို့မပြီးခင်အထိ အမှတ်ပေးဇယားကို ဆုံးဖြတ်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ အစ်တီဟတ်မှာ စီးတီးနဲ့ကစားပြီးတော့ အနိုင်ရတာဆိုရင် အဲဒါက အမြဲတမ်း ကြီးမားတဲ့နိုင်ပွဲပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့သုံးရက်မှာ အက်စတွန်ဗီလာနဲ့ သရေကျတော့ ကျွန်တော်တို့က ကောင်းမွန်တဲ့နေရာမှာ ရှိမနေဘူးလို့ လူတွေကပြောတယ်။ သုံးရက်အကြာမှာ ကျွန်တော်တို့ အနိုင်ရတော့ ထပ်ပြီးပြောင်းလဲသွားပြန်တယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဝုလ်ဗ်ကို အနိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ လာမယ့်ပွဲမှာ ကျွန်တော်တို့ နယူးကာဆယ်နဲ့ ကစားရမယ်။ နယူးကာဆယ်ကွင်းမှာ (၃-၃) သရေကျထားတယ်။ အဲဒါကြောင့် ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ ဒီလိုအောင်မြင်လာဖို့ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း အလုပ်လုပ်ပါတယ်။ ဒါကို ဆက်ပြီးထိန်းထားနိုင်ဖို့ နောက်ထပ်သုံးလ ပြင်းပြင်းထန်ထန်ကြိုးစား ရဦးမှာပါ။ အဲဒီအတွက် လျှို့ဝှက်ချက်မရှိပါဘူး။ ကျွန်တော်တို့က ၁၁ မှတ်အသာရထားပါပြီ။ ဒါပေမဲ့ အာဆင်နယ်က တစ်ပွဲလျော့ထားတယ်။ တခြားလိဂ်မှာဆိုရင် ဒီလိုဦးဆောင်မှုက အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒီမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါကို ပလိုင်းမောက်က (FA ဖလားပွဲစဉ်) ကျွန်တော်တို့ကို ပြသခဲ့ပြီးပါပြီ'' ဟု ဖြေကြားသည်။

မူရင်းသတင်း — Eleven Media Group