
ဖီအိုရင်တီးနားအသင်းတိုက်စစ်မှူး မွိုက်စ်ကိန်းသည် ဗီရိုနာအသင်းနှင့်ကစားသည့် စီးရီးအေပွဲစဉ်တွင် ဦးခေါင်းဒဏ်ရာရရှိပြီးနောက် ကွင်းအတွင်းလဲကျသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားသည့် ဗီရိုနာ-ဖီအိုရင်တီးနား စီးရီးအေပွဲစဉ်တွင် မွိုက်စ်ကိန်းမှာ ဒုတိယပိုင်း ၅၈ မိနစ်တွင် ပြိုင်ဘက်အသင်းနောက်ခံလူ၏ ဒူးနှင့်ထိခိုက်မိသဖြင့် ဦးခေါင်းဒဏ်ရာရရှိခဲ့သည်။
ထို့ နောက် ဆေးကုသမှုခံယူ၍ ဆက်လက်ကစားရာ ၆၄ မိနစ်တွင် မည်သူနှင့်မျှ ထိခိုက်ခြင်းမရှိဘဲ ကွင်းအတွင်း လဲကျသွားခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်ဖက်အသင်းကစားသမားများက ဆေးအကူအညီရရှိရန် ချက်ချင်းတောင်းဆိုခဲ့ပြီး ၎င်းအား လည်ပင်းအကာဝတ်ဆင်ပေး၍ ထမ်းစင်ဖြင့်သယ်ကာ ဆေးရုံကားဖြင့် ပို့ဆောင်ပေးခဲ့ရသည်။
''မွိုက်စ်ကိန်းက ဗီရိုနာနဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပါတယ်။ သူက စစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံမှာရှိနေပါတယ်'' ဟု ဖီအိုရင်တီးနားအသင်းက ထုတ်ပြန်ခဲ့သည်။
၎င်းအား လူစားလဲပြီးနောက် ပွဲကိုဆက်လက်ယှဉ်ပြိုင်ကစားရာ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၅ မိနစ်တွင် ဗီရိုနာအသင်းက အနိုင်ဂိုးသွင်းယူကာ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင်လည်း ဖီအိုရင်တီးနားအသင်းကွင်းလယ်လူ ဘော်ဗီမှာ ကွင်းအတွင်း ရုတ်တရက်လဲကျသွားသဖြင့် ဆေးရုံပို့ဆောင်ခဲ့ရသလို ပွဲကိုရပ်ဆိုင်းခဲ့ရသည်။
ဘော်ဗီ (၂၂ နှစ်) သည် နှလုံးခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး နှလုံးရပ်ခြင်းကို တားဆီးပေး၍ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေသည့်စက် တပ်ဆင်ထားရကြောင်း သိရသည်။