
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ပါက ဝတ်စုံစပွန်ဆာ Nike ထံမှ အပိုဆုကြေး ပေါင် (၂)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် အမေရိကန်အားကစားပစ္စည်းကုမ္ပဏီ Nike နှင့် (၅)နှစ်စာချုပ် ချုပ်ဆိုထားရာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်ပါ သဘောတူညီချက်အရ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ပါက အပိုဆုကြေး ပေါင် (၂)သန်း ရရှိမည်ဖြစ်ကြောင်း The Athletic က ဖော်ပြခဲ့သည်။
ထို့ပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ပါက ပေါင် (၂)သန်း ထပ်မံရရှိမည်ဖြစ်ပြီး ချန်ပီယံဆု ရရှိခဲ့ပါက ပေါင်(၄)သန်းရရှိမည်ဟုလည်း သိရသည်။
လီဗာပူးလ်အသင်းသည် Nike နှင့် တစ်နှစ်ပေါင်သန်း(၃၀)တန် စပွန်ဆာစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး လာမည့်ရာသီမှစ၍ ဂျာမန်ကုမ္ပဏီ Adidas နှင့် ပြောင်းလဲလက်တွဲမည်ဖြစ်သည်။
လီဗာပူးလ်အသင်းနှင့် Adidas နှင့် (၅) နှစ်စာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် ပေါင်သန်း (၆၀)အထိ ရရှိသွားမည်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဒုတိယနေရာမှ အာဆင်နယ်အသင်းကို (၁၁)မှတ်ဖြတ်ထားနိုင်ပြီဖြစ်၍ ချန်ပီယံဆုရရှိရန် အလားအလာကောင်းနေပြီဖြစ်သည်။
လောင်းကစားကုမ္ပဏီများကမူ လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုသာမက ချန်ပီယံလိဂ်ဖလားကိုပါ ရရှိနိုင်ကြောင်း ထင်ကြေးပေးထားကြသည်။