Eleven Media Group

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှုရရှိထား

Photo: Premier League

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဆော်ဒီလိဂ်မှ တန်ဖိုးကြီးမားသည့် ကမ်းလှမ်းမှုရရှိထားကြောင်း El Nacional သတင်းစာက ဖော်ပြခဲ့သည်။
ဂွါဒီယိုလာသည် လက်ရှိကလပ် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် အနာဂတ် ရေရာခြင်းမရှိကြောင်း ထင်ကြေးပေးမှုများ ရှိနေသည်။
ဂွါဒီယိိုယာကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် အခြားအသင်းတစ်သင်းတွင် ဆိုပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်သည့် အခြေအနေဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။
ယင်းကဲ့သို့ အနာဂတ်မရေရာသည့်အနေအထား ဖြစ်နေသောကြောင့် ဆော်ဒီလိဂ်မှ ကလပ်အသင်းတစ်သင်းက ၎င်းအား ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကလပ်အသင်း၏အမည်ကို အတိအကျဖော်ပြခြင်းမရှိသော်လည်း အလွန်မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့သည်။
ယင်းကလပ်အသင်းသည် ဂွါဒီယိုလာအား မန်စီးတီးအသင်းတွင် လက်ရှိရရှိနေသည့်လစာထက် ပိုမိုပေးချေသွားမည်ဖြစ်သည့်အပြင် နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမည်ဟု ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ယူရို(၂၂)သန်းကျော် ရရှိနေသူဖြစ်ပြီး ဘောလုံးလောက၏ လစာအများဆုံးနည်းပြစာရင်းတွင် ပါဝင်နေသူဖြစ်သည်။
သို့သော် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ခဲ့ပါက ယင်းလစာထက် အနည်းဆုံးနှစ်ဆဝန်းကျင် ပိုမိုရရှိဖွယ်ရှိကြောင်း သိရသည်။
ဆော်ဒီလိဂ်သည် ၎င်းတို့၏ ပြိုင်ပွဲပုံရိပ်ကို မြှင့်တင်ရန် ယခုကဲ့သို့ ကမ်းလှမ်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group