Eleven Media Group

လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်း ရောင်းထုတ်ရန် ရည်ရွယ်ထားသည့် ဒီယွန်းကို ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့်အပြိုင် အယ်လ်အစ်တီဟတ် ကမ်းလှမ်းရန် စီစဉ်နေ

Photo: Barca Pics

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် လာမည့်နွေရာသီ၌ ဘာစီလိုနာအသင်း ရောင်းထုတ်ရန် ရည်ရွယ်ထားသည့် နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ပရီးမီးယားလိဂ်ကလပ်အသင်းများနှင့်အပြိုင် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဒီယွန်း(၂၇ နှစ်)သည် ၂၀၂၆ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ မြင့်မားသည့် လစာနှုန်းထားကြောင့် ဘာစီလိုနာအသင်းက ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဒီယွန်းကို ၂၀၁၉ ဇန်နဝါရီအပြောင်းအရွှေ့တွင် အေဂျက်စ်အသင်းထံမှ ယူရို(၇၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်စီးတီးနှင့် မန်ယူတို့က ၎င်းအား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။
လက်ရှိအချိန်တွင် ၎င်း၏ လက်ကျန်စာချုပ်သက်တမ်းနှင့် အသက်အရွယ်အရ ဘာစီလိုနာအသင်းက ယူရိုသန်း (၄၀)ဝန်းကျင်ဖြင့် ရောင်းထုတ်မည်ဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများစွာက ဒီယွန်းအား ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
ထွက်ပေါ်နေသည့်သတင်းများအရ ဒီယွန်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်မှ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ချိန်ရွယ်နေပြီး ပြင်သစ်ထိပ်သီး PSG၊ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နှင့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်တို့လည်း စိတ်ဝင်စားနေကြောင်း သိရသည်။
ဒီယွန်းသည် လာလီဂါတွင် လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သောကြောင့် ထိပ်သီးအသင်းများကသာ ၎င်းကို ခေါ်ယူရန် ချိန်ရွယ်နိုင်ခြင်းဖြစ်ပြီး လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် အယ်လ်အစ်တီဟတ်တို့ အပြိုင်ကြိုးပမ်းဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အယ်လ်အစ်တီဟတ်အသင်းသည် ငွေကြေးပိုင်းတွင် အခြားအသင်းများထက် အားသာချက်ရှိနေသော်လည်း ဒီယွန်းအနေဖြင့် လက်ရှိအသက်အရွယ်အရ ဥရောပမှ ထွက်ခွာဖွယ်မရှိသေးသောကြောင့် ဘာစီလိုုနာနှင့် လမ်းခွဲခဲ့ပါက ပရီးမီးယားလိဂ်သို့ ရောက်ရှိရန်သာ အလားအလာများသည်ဟုလည်း အချို့က ထင်ကြေးပေးနေကြသည်။
ဒီယွန်းကမူ လက်ရှိအချိန်၌ အပြောင်းအရွှေ့သတင်းများကို စိတ်မဝင်စားဟု ပြောကြားထားသည်။

မူရင်းသတင်း — Eleven Media Group