Eleven Media Group

မလေးရှားရှိ ပလတ်စတစ်စက်ရုံတစ်ရုံတွင် ဂက်စ်အိုးပေါက်ကွဲပြီး မြန်မာလုပ်သားတစ်ဦး သေဆုံး

မလေးရှားရှိ ပလတ်စတစ်စက်ရုံတစ်ရုံတွင် ဂက်စ်အိုးပေါက်ကွဲပြီး မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မလေးရှားရှိ မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်နေသည့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်က မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ် တလုပ်ကုန်းရပ်ကွက်ရှိ ပလပ်စတစ်စက်ရုံတွင် ရုတ်တရက် ဂက်စ်အိုးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသည့် မြန်မာလုပ်သားမှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဂုံမင်းအရှေ့ကွင်းကျေးရွာဇာတိဖြစ်ပြီး အသက် ၃၀ အရွယ် ကိုထက်လင်းရှိန်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ကိုထက်လင်းရှိန်းမှာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ဆေးရုံသို့အရောက်တွင် ကွယ်လွန်ခဲ့ကြောင်း၊ ၄င်း၏ နာရေးကို ဖေဖော်ဝါရီ ၂၅ ရက်တွင် မလေးရှားနိူင်ငံ ဆလန်းကောပြည်နယ် ကလန်းမြို့ဆေးရုံကြီး အအေးခန်းမှခန်းမှ သယ်ဆောင်ပြီး ဆလန်းကောပြည်နယ် ကလန်းမြို့ ဟိန္ဒိူသုသာန်တွင် သိဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးခဲ့သည့် ကိုထက်လင်းရှိန်း၏ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရေးအတွက် မြနိမာသံရုံး(မလေးရှား)၏ အလုပ်သမားသံအရာရှိများနှင့် လုပ်ငန်းရှင်တို့ တွေ့ဆုံညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group