Eleven Media Group

■ ပရီးမီးယားလိဂ် ပွဲစဉ်-၂၇ ပွဲကြိုသုံးသပ်ချက်

Photo: Gettyimages

◘ ဘရိုက်တန် - ဘုန်းမောက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂:၀၀ နာရီ)

ဘရိုက်တန်က ချယ်လ်ဆီးကို ၂ ပွဲဆက်နိုင်ပြီးတဲ့နောက်မှာ ဆောက်သမ်တန်ကိုလည်း အဝေးကွင်းမှာ လှလှပပကစားပြီး ဂိုးပြတ်နိုင်ပွဲယူခဲ့တာကို တွေ့ရတယ်။ ဘရိုက်တန်ရဲ့ အကောင်းဆုံးပုံစံ၊ ခြေစွမ်းကို ပြန်မြင်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အထိတောင် ပြန်မျှော်လင့်လို့ရလာတယ်။ ဘုန်းမောက်က နောက်ဆုံးပွဲမှာ မထင်မှတ်ဘဲ ရှုံးခဲ့ပြီး အမှတ်လျော့ခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဖြစ်ပြီး ဘရိုက်တန်ကိုကြိုက်တယ်။

◘ ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂:၀၀ နာရီ)

ပဲလေ့စ်က နောက်ဆုံးပွဲမှာ ပွဲကျပ်တစ်ပွဲကို အောင်မြင်စွာ ကျော်ဖြတ်ပြခဲ့တယ်။ ဒီရာသီ ပဲလေ့စ်ရဲ့ခြေစွမ်းက သိသိသာသာ ကောင်းမွန်နေပြီး ချီးကျူးရမယ့် အနေအထားဖြစ်တယ်။ အက်စတွန်ဗီလာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အားကောင်းနေတဲ့အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း ကြောက်စရာကောင်းနေတယ်။ ဒီပွဲက သရေကျဖို့များတဲ့ပွဲဖြစ်ပြီး အနိုင်ဆိုရင် ဗီလာကိုကြိုက်တယ်။

◘ ဖူလ်ဟမ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂:၀၀ နာရီ)

ဝုလ်ဗ်ကလည်း ဗစ်တာပယ်ရဲရားလက်ထက်မှာ သိသိသာသာတိုးတက်လာတာ တွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်း တော်တော်လေးအားကောင်းလာတယ်။ တိုက်စစ်ပိုင်းမှာလည်း ကူညာ ခြေစွမ်းပြကစားနေတယ်။ ဖူလ်ဟမ်ကလည်း ရပ်တည်မှုရော၊ ခြေစွမ်းအရပါ ဝုလ်ဗ်ထက် ပိုကောင်းပါတယ်။ ပေါ်တူဂီနည်းပြ နှစ်ဦးထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပြီး သရေကျနိုင်တယ်။

◘ ချယ်လ်ဆီး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂:၄၅ နာရီ)

ချယ်လ်ဆီးအသင်းအတွက် ရလဒ်ဆိုးတွေကို ရပ်တန့်ဖို့အတွက် အကောင်းဆုံးပွဲစဉ်ပါပဲ။ ဒီပွဲကိုမှ အိမ်ကွင်းမှာ ချယ်လ်ဆီး အနိုင်မရဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နေကြတဲ့ အသင်းတအုပ်တမကြီးထဲမှာ ချယ်လ်ဆီးအသင်း ဒုက္ခရောက်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းခြေစွမ်းကျဆင်းနေပေမဲ့ အိမ်ကွင်းဆိုရင်တော့ ပုံစံကောင်းပြနိုင်ဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် လက်ရှိ ဆောက်သမ်တန်ရဲ့ခြေစွမ်းကတော့ တော်တော်လေး ဆိုးရွားနေတဲ့အခြေအနေလည်းဖြစ်တယ်။ စိတ်ပျက်စရာအရမ်းကောင်းပြီး ပွဲတိုင်းကို ဂိုးအလှူပေး ရှုံးနေတယ်လို့ ဆိုရမယ်။ အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်း ဂိုးပြတ်အနိုင်ရဖို့များတယ်။

မူရင်းသတင်း — Eleven Media Group