
မန်ယူအသင်းသည် အသုံးစရိတ်လျှော့ချရန် အစီအစဉ်၏အစိတ်အပိုင်းအဖြစ် မလိုအပ်သည့် ဝန်ထမ်း ၂၀၀ ဦးနီးပါးကို လျှော့ချသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
မန်ယူအသင်း၏ လုပ်ငန်းဆောင်တာများကို ဆာဂျင်မ်ရက်ကလစ်ဖ်နှင့် INEOs ကုမ္ပဏီက စတင်ဆောင်ရွက်သည့်အချိန်မှစပြီး အသင်းဘဏ္ဍာရေးလိုငွေပြမှုများကို ကာမိစေရန်အတွက် ဘတ်ဂျက်လျှော့ချမှုများ များစွာလုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့တွင် မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘယ်ရာဒါက ဝန်ထမ်းများနှင့် တွေ့ဆုံ ပြီးနောက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို အသိပေးခဲ့သည်။
ယင်းလုပ်ငန်းစဉ်မှာ သုံးလကနေ လေးလအကြား ကြာမြင့်နိုင်ပြီး ဝန်ထမ်းဦးရေပေါင်း ၁၅၀ မှ ၂၀၀ အကြား လျှော့ချသွားမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် စာရင်းများအရ ဝန်ထမ်းအရေ အတွက် ၁၁၄၀ ဦး ရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင်လည်း ဝန်ထမ်း ၂၅၀ ဦးဝန်းကျင် လျှော့ချခဲ့သည်။
ထို့ကြောင့် တစ်နှစ်အတွင်း မန်ယူ အသင်း၏ ဝန်ထမ်းဦးရေ ၄၅၀ ဝန်းကျင်ခန့် ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်း အလုပ်ဆုံးရှုံးမည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ၂၀၁၉ ခုနှစ်ကတည်းက ငါးနှစ်ဆက်တိုက် ဘဏ္ဍာရေးရှင်းတမ်းတွင် အရှုံးပြခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည့် ဒုတိယလေးလပတ်အတွက် ဘဏ္ဍာရေးရှင်းတမ်းတွင် ပေါင် ၂၇ ဒသမ ၇ သန်း အရှုံးပြခဲ့ပြီး နောက်ဆုံးသုံးနှစ်တာအတွင်း ပေါင် သန်း ၃၀၀ ကျော် ရှုံးထားခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ဝန်ထမ်းဦးရေ လျှော့ချမည့်အပြင် အသင်း၌ ဆက်လက်ရှိမည့် ဝန်ထမ်းများကိုလည်း နေ့လယ်စာကျွေးမှု ရပ်တန့်ခဲ့ပြီး အဆာပြေသာ ပြောင်းလဲဝေငှရန် ဆုံးဖြတ်ခဲ့သည်။