
လာမယ့်နွေရာသီမှာ အာနိုးလ်လုပွဲက ပြင်းထန်လာဖို့ ရှိနေပါတယ်။ ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အင်္ဂလန် နောက်ခံကစားသမား အာနိုးလ်ကို ရီးယဲလ်မက်ဒရစ်က အသည်းအသန် လိုချင်နေသလို၊ လီဗာပူးလ်ကလည်း သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားကို ဆက်ထိန်းဖို့ ကြိုးစားနေတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ရနိုင်မယ့် အခွင့်အရေးကို ရီးယဲလ်မက်ဒရစ်က အပြည့်အဝအသုံးချချင်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ အာနိုးလ်ကို ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ် လုကြတာက ဆန်းတော့မဆန်းပါဘူး။ ဒါက ယဉ်ကျေးမှုတိုက်ပွဲ ဖြစ်သလို ၀ါဒဖြန့်စစ်ပွဲလည်း ဖြစ်တယ်။ ဒါက ပြစ်တင်ဝေဖန်မှုကို ရှောင်ရှားတဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။ ဒါက အာနိုးလ်အတွက် သစ္စာတရားနဲ့ စိန်ခေါ်မှုသစ် ရင်ဆိုင်ချင်တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။ တကယ်တော့ ဒါတွေက မော်ဒန်ဘောလုံးလောကမှာ မကြာခဏဆိုသလို တွေ့မြင်ရလေ့ရှိတဲ့ Transfer Saga ပါပဲ။
လာမယ့်နွေရာသီမှာ အာနိုးလ်လုပွဲက ပြင်းထန်လာဖို့ ရှိနေပါတယ်။ ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အင်္ဂလန် နောက်ခံကစားသမား အာနိုးလ်ကို ရီးယဲလ်မက်ဒရစ်က အသည်းအသန် လိုချင်နေသလို၊ လီဗာပူးလ်ကလည်း သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားကို ဆက်ထိန်းဖို့ ကြိုးစားနေတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ရနိုင်မယ့် အခွင့်အရေးကို ရီးယဲလ်မက်ဒရစ်က အပြည့်အဝအသုံးချချင်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ အာနိုးလ်ကို ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ် လုကြတာက ဆန်းတော့မဆန်းပါဘူး။ ဒါက ယဉ်ကျေးမှုတိုက်ပွဲ ဖြစ်သလို ၀ါဒဖြန့်စစ်ပွဲလည်း ဖြစ်တယ်။ ဒါက ပြစ်တင်ဝေဖန်မှုကို ရှောင်ရှားတဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။ ဒါက အာနိုးလ်အတွက် သစ္စာတရားနဲ့ စိန်ခေါ်မှုသစ် ရင်ဆိုင်ချင်တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။ တကယ်တော့ ဒါတွေက မော်ဒန်ဘောလုံးလောကမှာ မကြာခဏဆိုသလို တွေ့မြင်ရလေ့ရှိတဲ့ Transfer Saga ပါပဲ။
ကွင်းပြင်ပက Behind the Scenes မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမဲ့ သေချာတစ်ခုကတော့ လီဗာပူးလ်အသင်း နဲ့ ချုပ်ဆိုထားတဲ့ အာနိုးလ်ရဲ့ လက်ရှိစာချုပ်က ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ ရီးယဲလ်မက်ဒရစ်က အာနိုးလ်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတယ်။ စပိန်နာမည်ကြီး Marca သတင်းစာကတော့ အာနိုးလ်က သူ ရီးယဲလ်မက်ဒရစ်ကို သွားချင်တယ်လို့ လီဗာပူးလ်အသင်းကို အကြောင်းကြားပြီးပြီလို့ အကျယ်တဝင့် ဖော်ပြခဲ့တယ်။ ဒါပေမဲ့ Marca က ရီးယဲလ်မက်ဒရစ်အသင်းရဲ့သတင်းစာလို့ ဆိုနိုင်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ကစားသမားတွေ ခေါ်ယူချင်တဲ့အခါ ဒီလိုလုပ်နေကျပဲ။ အဲဒီသတင်း မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ရီးယဲလ်မက်ဒရစ်အသင်းက အာနိုးလ်ကို လိုချင်နေတာတော့ သေချာတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကလည်း သူတို့ငယ်မွေးခြံပေါက်ကစားသမားကို အသင်းမှာ ဆက်ထိန်းဖို့ အသည်းအသန်ကြိုးပမ်းနေတယ်။ အာနိုးလ်ရဲ့ ခြေစွမ်းခြေစကလည်း ရီးယဲလ်မက် ဒရစ်နဲ့ လီဗာပူးလ်တို့ အပြိုင်လုရလောက်အောင် ကောင်းနေတယ်။ အာနိုးလ်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး Passer လို့တောင် ဆိုနိုင်သူပါ။ အာနိုးလ်ရဲ့ ဘောလုံးပေးပို့မှုတွေ၊ Cross ဖြတ်တင်မှုတွေက အရင်တုန်းက ပရီးမီးယားလိဂ်မှာ ညာတောင်ပံကနေ Cross တွေ ဖြတ်တင်ပေးရှိတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ဒေးဗစ်ဘက်ခမ်လောက်ကို ကောင်းနေတယ်။ အာနိုးလ်ရဲ့ Vision ၊ ပွဲအပေါ် ဖတ်နိုင်စွမ်းနဲ့ အသင်းဖော် တွေရဲ့ ရွေ့လျားလှုပ်ရှားမှုတွေကို သိနေတာက ရင်သပ်ရှုမောစရာ ကောင်းပါတယ်။ အာနိုးလ်က လက်ရှိ ပရီးမီးယားလိဂ်မှာ ဘောလုံးပေးပို့မှုအ ကောင်းဆုံး ကစားသမား (၅) ယောက်ထဲမှာ ပါဝင်နေပြီး တခြားဘောလုံးသမားတွေ မမြင်တဲ့ အရာကို မြင်နိုင်တာက အံ့သြစရာကောင်းတယ်။ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာ၊ အာဆင်နယ်တောင်ပံကစားသမား ဆာကာ၊ စပါးကွင်းလယ်ကစားသမား မတ်ဒီဆန်၊ အာဆင်နယ်ကွင်းလယ်ကစားသမား အော်ဒီဂွါ တို့လိုပဲ အာနိုးလ်ရဲ့ ဖြတ်တင်ဘောတွေ၊ ဘောလုံးပေးပို့မှုတွေကို ကြည့်ရတာက စိတ်ကျေနပ်စရာ ကောင်းပါတယ်။
ပရီးမီးယားလိဂ်မှာ အာနိုးလ်ကို မြင်နေတာက အခွင့်အရေးတစ်ခု ဖြစ်တယ်။ တကယ်လို့ သူသာ လာလီဂါကို ပြောင်းသွားခဲ့မယ်ဆိုရင် စပိန်က အာနိုးလ်လို ထိပ်တန်း Passer တစ်ယောက်၊ နာမည်ကျော်တစ်ယောက်ကို ရလိုက်တာကြောင့် ဆွဲဆောင်မှု ပိုကောင်းသွားမှာပါ။ မော်ဒန်ဘောလုံးလောကမှာ အာနိုးလ်လို ကစားသမားမျိုးက ရှားပါးပြီး သူ့ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် လီဗာပူးလ်အတွက်သာမက ပရီးမီးယားလိဂ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်။ အာနိုးလ်အနေနဲ့ ရီးယဲလ်မက်ဒရစ်ကို သွားမယ်ဆိုရင် အမ်ဘာပေ၊ ဗီနီစီယပ်စ်၊ ဘယ်လင်ဟမ်တို့လို နာမည်ကျော် တွေကြား ပျောက်သွားနိုင်တယ်လို့ တချို့က သုံးသပ်ကြတယ်။ ဒါပေမဲ့ အာနိုးလ်ရဲ့ ပါရမီက စပိန်မှာလည်း ပျောက်သွားစရာ အကြောင်း မရှိပါဘူး။ တကယ်တော့ အာနိုးလ်ဟာ အင်္ဂလန်မှာ သူကောင်းသလောက် အသိအမှတ် မပြုခံရသူပါ။ အင်္ဂလန်က ဘောလုံးဝေဖန်သူတွေက တိုက်စစ်ပိုင်းအတွက် အာနိုးလ်ရဲ့ ကောင်းကွက်တွေထက် ခံစစ်ပိုင်းကာကွယ်မှု အားနည်းတာကိုပဲ လှိမ့်ပြီးအပြစ်တင်တယ်။ ဝေဖန်ကြတယ်။ အင်္ဂလိပ်ဘောလုံးပရိသတ်တွေက အာနိုးလ်ရဲ့ သူမတူတဲ့ ဖန်တီးမှုတွေ၊ Cross တွေထက် ခံစစ်မှာ စိတ်မချရဘူးဆိုတဲ့ အချက်ကိုပဲ အဓိကထောက်ပြဝေဖန်ကြတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ ခံစစ်သမားတစ်ယောက်အနေနဲ့ အသင်းဖော်တွေအတွက် ဖန်တီးပေးတာထက် တစ်ခါတလေ နေရာယူမှားတာ၊ အမှားလုပ်တာတွေကိုပဲ ပုံကြီးချဲ့ကြတယ်။ အာနိုးလ်က ပါလ်မာနဲ့ ဘယ်လင်ဟမ်တို့နဲ့ အတူ နောက်ဆယ်စုနှစ်ထိ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသည်းနှလုံးအဖြစ် ရှိနေမယ့်သူပါ။ ဒါပေမဲ့ အင်္ဂလန်ပရိသတ်အများစုကတော့ တစ်ခါတလေ ခံစစ်ပိုင်းအားနည်းတတ်တဲ့ အာနိုးလ်ကိုပဲ ဝေဖန်ကြတယ်။ အာနိုးလ်က ကလပ်အဆင့်မှာ လီဗာပူးလ်အသင်းနဲ့အတူ ရသင့်တဲ့ ဆုဖလားအားလုံးကို ရပြီးပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ အကြီးကျယ်ဆုံး Comeback တစ်ခုဖြစ်တဲ့ ဘာစီလိုနာကို (၄-၀) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အာနိုးလ်ရဲ့ Corner taken quickly က ဘောလုံးသမိုင်းမှာ ထင်ရှားပါတယ်။ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ အာနိုးလ်ကို အသိအမှတ်ပြုကောင်း ပြုနိုင်ပေမဲ့ အင်္ဂလိပ်ပရိသတ်အများစုကတော့ အာနိုးလ်ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုသင့်သလောက် မပြုကြပါဘူး။
ဒါက လီဗာပူးလ်အသင်းကို လူတွေ အထင်သေးတာကြောင့်လည်း ဖြစ်နိုင်တယ်။ အီဂျစ်ဝါရင့်တိုက်စစ်ကစားသမား ဆာလာဆိုရင် လီဗာပူးလ်အသင်းမှာ တစ်ရာသီပြီး တစ်ရာသီ အံ့သြ စရာကောင်းတဲ့ ကိန်းဂဏန်းတွေနဲ့ စွမ်းဆောင်ပြနေပေမဲ့ ကောင်းသလောက် အသိအမှတ်ပြုမခံရဘူး။ လီဗာပူးလ်အသင်းမှာသာ ဆက်နေရင် အာနိုးလ်က စတီဗင်ဂျရတ်တို့လို အသင်းရဲ့ ဂန္ထဝင်ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါတွေကို မေ့ထားလိုက်ပါ။ လီဗာပူးလ်အသင်းမှာ သူ လုပ်ပြခဲ့တာတွေနဲ့ သူ ရရှိခဲ့တဲ့ ဆုဖလားတွေကြောင့် အာနိုးလ်ဟာ လီဗာပူးလ်ရဲ့ဂန္ထဝင်ဖြစ်ပြီးသားပါ။ လီဗာပူးလ်မှာသာ အာနိုးလ် ဆက်နေခဲ့မယ်ဆိုရင် သူရဲ့ Statue က Untouchable ဖြစ်သွားပါလိမ့်မယ်။ လီဗာပူးလ်အသင်းအားပေးသူ ပရိသတ်တွေကတော့ အာနိုးလ်ကို အသင်းမှာ ဆက်နေစေချင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ လုပ်ပြသလောက် သိပ်ပြီးအသိအမှတ်ပြုမခံရတာက အာနိုးလ်အတွက် တွေးစရာ ဖြစ်နေမှာပါ။ အာနိုးလ်အနေနဲ့ ရီးယဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူဟာ စူပါစတား ဖြစ် လာဦးမှာပါ။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လက်ရှိအဓိက ညာနောက်ခံကစားသမားက ကာဗာဟယ်လ်ဖြစ်ပြီး လက်ရှိမှာ ACL ကြောင့် နားနေရတယ်။ ပြီးတော့ သူ့အသက်က (၃၃) နှစ်ရှိပါပြီ။ အဲဒီအနေအထားမှာ အာနိုးလ်က ကာဗာဟယ်လ်ရဲ့ နေရာအတွက် လုံးဝ Perfect ဖြစ်တဲ့ အစားထိုးမှုဖြစ်လာပါလိမ့်မယ်။
အာနိုးလ်ရဲ့ အနာဂတ်ကို မဖြေရှင်းရသေးခင် အခုအချိန် ပရီးမီးယားလိဂ်မှာ လုပ်နိုင်တာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အာနိုးလ်ရဲ့ ကွင်းအတွင်း စွမ်းဆောင်မှုတွေကို ခံစားပြီး အသိအမှတ်ပြုဖို့ပါပဲ။ ရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်မရေမရာ ဖြစ်နေခြင်းတွေကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အာနိုးလ် ခြေစွမ်းကျသွားရင်တော့ နှမြောစရာပါပဲ။ လက်ရှိအချိန်ထိတော့ အာနိုးလ် ဟာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ၊ ဖန်တီးမှုတွေကို တစ်ပတ်ပြီးတစ်ပတ် မြင်တွေ့ခွင့်ရနေဦးမှာပါ။ ဒီရာသီမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းရဲ့ မထင်မှတ်တဲ့ ကျဆင်းမှု၊ အဓိကတောင်ပံတိုက်စစ်ကစားသမား ဆာကာအပါအဝင် တိုက်စစ်ကစားသမားတွေ အကုန်လုံးနီးပါးဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင် နေရတဲ့ အာဆင်နယ်တို့ကြောင့် လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းက ပိုဖြောင့်ဖြူးနေပါတယ်။ အဲဒီအနေအထားမှာ အာနိုးလ်အနေနဲ့ လီဗာပူးလ်နဲ့အတူ သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဆုတံဆိပ်ကို သူ့ရဲ့ Collection ထဲမှာ ထည့်ဖို့ အခြေအနေကောင်းနေပါတယ်။ တကယ်လို့ အာနိုးလ်သာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းထပ်တိုးခဲ့မယ်ဆိုရင် ဒါက လီဗာပူးလ်အတွက်သာမက အင်္ဂလိပ်ဘောလုံးလောကအတွက်ပါ ကောင်းကျိုးဖြစ်ပါလိမ့်မယ်။ တကယ်လို့ သူသာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ ခြေစွမ်းကို အသိအမှတ်ပြုသင့်သလောက် မပြုကြတဲ့ အင်္ဂလိပ်ပရိသတ်တွေအနေ နဲ့ Reflect လုပ်ဖို့ လိုပါလိမ့်မယ်။ အခု သိပ်ပြီးနောက်မကျသေးခင်မှာ ပရီးမီးယားလိဂ်နဲ့ အင်္ဂ လိပ်ပရိသတ်တွေအနေနဲ့ အာနိုးလ်ရဲ့ ပါရမီကို အသိအမှတ်ပြုဖို့ အခွင့်အရေး ရှိနေပါသေးတယ်။