
၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်း၏ အောင်ပွဲခံအခမ်းအနားကို မတ် ၁ ရက် ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအောင်ပွဲခံအခမ်းအနားကို "ရှမ်းယူနိုက်တက် ချန်ပီယံဂီတဖျော်ဖြေပွဲ" အမည်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး မတ် ၁ ရက်ညပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၌ ပြုလုပ်မည်ဖြစ်သည်။ ဖျော်ဖြေပွဲတွင် နာမည်ကြီးအဆိုတော်များဖြစ် သည့် မျိုးကြီး၊ ၀ိုင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့က သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း ပရိသတ်များအတွက် အခမဲ့ကြည့်ရှုခွင့်ပြုမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း သည် ၂၀၁၉ ရာသီကုန်ကလည်း တောင်ကြီးမြို့တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် အောင်ပွဲခံအခမ်းအနားပြုလုပ်ခဲ့ပြီး နာမည် ကြီးအဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲအဖြစ် မတ် ၁ ရက်တွင် တောင်ကြီးကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် လက်ကျန်သုံးပွဲအလိုကတည်းက MNL အမှတ်ပေးချန်ပီယံဆုကို စံချိန်တင် ခြောက်ကြိမ်မြောက် ရရှိထားပြီးဖြစ်သော်လည်း တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်အတွက် လက်ကျန်ပွဲများကို အာရုံစိုက်ကစားလျက် ရှိသည်။
ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီယူနိုက်တက်အသင်းအား အနိမ့်ဆုံးသရေကစားနိုင်ပါက တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန် ထပ်မံရရှိမည်ဖြစ်ပြီး အနိုင်ရပါက အခြားစံချိန်သစ်များ တင်ရှိမည်ဖြစ်သည်။